မြန်မာပြည်မှထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည်
မြန်မာနိုင်ငံက တင်ပို့တယ် ဆိုတဲ့ သစ်လုံးတွေဟာ ထိုင်းပြည်တွင်းမှာ ဥပဒေမဲ့ ခုတ်လှဲတဲ့သစ်တွေ ဟုတ်မဟုတ် စစ်ဆေးတော့မယ် လို့ ထိုင်း အမျိုးသားသယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး က ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
-
2010-11-30 -
-
-
ထိုင်းနိုင်ငံအတွင်း သစ်တင်ပို့မှုတွေ ပုံမှန်မဟုတ်ပဲ ဖြစ်နေတဲ့ကိစ္စမှာ သစ်တောဌာန အရာရှိကြီး ၁၂ ယောက် ပါဝင်ပတ်သက်မှု ရှိမရှိ သံသယဝင်နေတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ ဝန်ကြီး က ပြောပါတယ်။
ဒီနှစ်အစောပိုင်း ဇန်နဝါရီလ ၂၆ ရက်နေ့က သစ်တောဌာနကို ရောက်ရှိလာခဲ့တဲ့ မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ စာမှာ အန်တောင်း ( Un-Tong ) ကုမ္ပဏီ အတွက် မြန်မာပြည်က သစ်လုံးတွေ ဖြတ်သန်း တင်သွင်းခွင့် တောင်းခံခဲ့ပါတယ်။
သစ်တောဌာနက နောက်တနေ့မှာပဲ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အဲဒီလို မဖြစ်စဖူး မြန်ဆန်လှတာကို မိမိအနေနဲ့ စတင်သတိပြုမိခဲ့တယ်လို့ အမျိုးသားသယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးက ပြောပါတယ်။
အရင်က တရားလွန် သစ်ခုတ်လဲှခဲ့လို့ သစ်တောပြုန်းတီးခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ နောက်ပိုင်းမှာ ပြည်တွင်းမှာ သစ်ခုတ်လှဲခွင့် လုံးဝ မပြုတော့ပဲ အိမ်နီးချင်း နိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက သစ်တွေကိုပဲ တင်သွင်းခဲ့ပါတယ်။
ဒါပေမဲ့မြန်မာနိုင်ငံက သစ်တွေကို ကုန်းတွင်းက တင်သွင်းခွင့်မပြုပဲ ရေကြောင်းကသာ တင်သွင်းခွင့်ပြုပါတယ်။ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လည်း ပါရမှာဖြစ်တယ် လို့ သိရပါတယ်။