လုပ်ခမရတဲ့ ထိုင်းစက်ရုံက အလုပ်သမားများ ပြေလည်မှုရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုပ်မြို့နယ်၊ ဘူကစ်တာဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်ခလစာမရလို့၊ မြို့ပိုင်ရုံးကို ချီတက်တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၁၀၀)ကျော်ရဲ့ လုပ်အားခတွေကို လာမယ့် အောက်တိုဘာလ(၄)ရက်နေ့မှာ အတိအကျ ပေးချေပါ့မယ်ဆိုတဲ့ ကတိရရှိလို့ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုပ်မြို့နယ်၊ ဘူကစ်တာဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်ခလစာမရလို့၊ မြို့ပိုင်ရုံးကို ချီတက်တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၁၀၀)ကျော်ရဲ့ လုပ်အားခတွေကို လာမယ့် အောက်တိုဘာလ(၄)ရက်နေ့မှာ အတိအကျ ပေးချေပါ့မယ်ဆိုတဲ့ ကတိရရှိလို့ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ လုပ်အားခကို တစ်ဝက်ပဲပေးခဲ့ပြီး၊ စက်တင်ဘာလဆန်းကစပြီး အချိန်ပိုဆင်းခိုင်းခဲ့ပေမယ့် အဲဒီအချိန်ပို ကြေးလည်း မပေးနိုင်ဘူးလို့ စက်ရုံပိုင်ရှင်က ပြောခဲ့တာကြောင့် အလုပ်သမားတွေက အခုလ (၉) ရက်နေ့ ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြနေခဲ့ကြပါတယ်။

ထိုင်းအလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးက အခုလ (၁၂) ရက်နေ့က ဝင်ရောက် ဖြေရှင်းပေးခဲ့ရာမှာ စက်ရုံပိုင်ရှင်က အခုလ (၂၆) ရက်နေ့မှာ ပေးချေမယ်လို့ ပြောပြီး အဲဒီနေ့ကျတော့ မပေးခဲ့တာကြောင့် အလုပ်သမားတွေက  မြို့ပိုင်ရုံးအထိ (၅)နာရီကြာ လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ကြပြန်ပါတယ်။

မနေ့ကတော့ စက်ရုံပိုင်ရှင်ရဲ့ ကိုယ်စားလှယ်ကနေတဆင့် ငွေပေးချေပါမယ်လို့ ပြောခဲ့တာ ဖြစ်ကြောင်း အလုပ်သမားတွေကို ဦးဆောင်နေတဲ့ မရည်မွန်ကျော်က အခုလိုပြောပါတယ်။

" နေ့ခင်း(၁၁)နာရီကျော်မှာ သူဌေးရောက်နေပါတယ်ဆိုပြီး ပုလိပ်ရုံးကနေ ကျမတို့ကို လာခေါ်တယ်ပေါ့နော်၊ သူဌေးကသူ့ကိုယ်စား လွှတ်တယ်ဆိုပြီးတော့ သူနဲ့စကားပြောဖြစ်ကြတယ်၊ ဘယ်လိုပြောလဲဆိုတော့ ဒီသောကြာနေ့ မတိုင်ခင်ပေးပါ့မယ် တကယ်လို့များ မပေးခဲ့လို့ရှိရင် ကြိုက်သလိုသာ ဆက်လုပ်ပါတော့လို့ပြောတယ် ကျမတို့အနေနဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ၂၆ရက်နေ့ပေးမယ်ဆိုပြီးတော့ ပျက်ကွက်ခဲ့တယ် အခုလည်းသောကြာနေ့ မတိုင်ခင်ဆိုတာကိုလာတယ်၊ အဲဒါကျမတို့ ဘယ်လိုယုံစားရမလဲ ဘယ်လိုအာမခံချက်မျိုး ပေးနိုင်မလဲလို့ ကျမတို့ကမေးတဲ့အခါကြတော့ သူကဒီသောကြာနေ့ ပေးမယ်ဆိုတဲ့အကြောင်း၊ ပေးမယ်ဆိုတာမှန်ကန်ကြောင်း ကျမတို့ကြားတာ မှန်ကြောင်းပေါ့ အဲဒီဟာ ကျမတို့ပုလိပ်အရာရှိရှေ့မှာ လက်မှတ်ရေးထိုးကြတယ်”

လုပ်အားခရပြီးရင် မြန်မာပြည်ကို အပြီးပြန်ကြတော့မယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်၊ ဒီအလုပ်သမားတွေဟာ   အလုပ်ရပ်တန့်ပြီး ဆန္ဒပြ တောင်းဆိုစဉ် ကာလအတွင်း မြန်မာအလုပ်သမားရေးအဖွဲ့အချို့က အကူအညီပေးမှုနဲ့ သူတို့ရဲ့စားဝတ်နေရေးကို ဖြေရှင်းခဲ့ရတယ် လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org