မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံကို ထိုင်းအဆိုပြု

မြန်မာစစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ အာဆီယံအသင်းဝင် သုံးနိုင်ငံ သို့မဟုတ် သုံးနိုင်ငံထက် ပိုပြီးပူးပေါင်းပါဝင်ဖို့ ထိုင်းအစိုးရက ကမ်းလှမ်းလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။

မြန်မာစစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ အာဆီယံအသင်းဝင် သုံးနိုင်ငံ သို့မဟုတ် သုံးနိုင်ငံထက် ပိုပြီးပူးပေါင်းပါဝင်ဖို့ ထိုင်းအစိုးရက ကမ်းလှမ်းလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

မြန်မာပြည် ပြန်လည်ငြိမ်းချမ်းဖို့၊ ထရွိုင်ကာလို့ခေါ်တဲ့ သုံးဦးညွန့်ပေါင်းအဖွဲ့နဲ့ ဆောင်ရွက်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုကနေတစ်ဆင့် ကမ်းလှမ်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ နီကွန်ဒက် ဘာလန်ကူရာက ပြောပါတယ်။

သုံးဦးညွန့်ပေါင်းအဖွဲ့မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မနှစ်ကတာဝန်ယူခဲတဲ့ အင်ဒိုနီးရှား၊ ဒီနှစ်တာဝန်ယူနေတဲ့ လာအိုနဲ့ နောက်နှစ်မှာ တာဝန်ယူရမယ့် မလေးရှားတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ပြီး သူတို့နဲ့အတူ မြန်မာ့အရေးဖြေရှင်းဖို့ စိတ်ဝင်စားတဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြားမှာ စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိပြဿနာဟာ ထိုင်းတစ်နိုင်ငံတည်းကိုမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအားလုံးကို ရိုက်ခတ်နေတာလို့လည်း မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်တာဖြစ်ပြီး သူတို့လက်ခံရင် ထိုင်းအနေနဲ့ အဆင်သင့်ပါပဲလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org