မဲဆောက်မြို့ တရုတ်အထည်ချုပ်စက်ရုံ မြန်မာ လုပ်သားတွေ လစာတိုးရေးဆန္ဒပြ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဝှေ့ကလုတ်ရွာမှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဝ က သူတို့ရဲ့လုပ်အားခလစာတိုးပေးဖို့ အလုပ်မဆင်းဘဲ စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။
-
2013-01-18 -
-
-
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်မဆင်းဘဲ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပြေလည်မှုရရှိခဲ့တဲ့ နောက်ဆုံးအခြေအနေကို ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
"အလုပ်သမားတွေ ၁၂၀အများဆုံးကနေပြီးတော့ နောက်ဆုံး ၈၀စားအထိကိုရှိတယ် ကျနော်တို့အခုဆန္ဒပြတာ ဘာကြောင့်လည်းဆိုတော့ နေ့စားခ မတိုးပေးဘူးလေ၊ သူတို့ဒီမှာ အကြီးအကဲနှစ်ယောက်ရှိတယ်၊ သူတို့တွေက အာမခံတယ်ပေါ့၊ ကျနော်တို့ကို တစ်လပိုင်းမကုန်ခင် သူဌေးလာပြီးတော့ လစာတိုးပေးမယ်ဆိုတာပြောလို့ ပြေလည်သွားတာ"
ဒါပေမယ့် ဆန္ဒပြအလုပ်သမားတွေရဲ့ တစ်ရက်လုပ်အားခ ဘယ်လောက်တိုးပေးမယ် ဆိုတာကိုတော့ တရုတ်ပြည်ကနေ စက်ရုံလုပ်ငန်းရှင် ပြန်လာတဲ့အခါမှ ဆက်လက်ညှိနှိုင်း တောင်းဆိုကြမှာဖြစ်ပါတယ်။
ယူနီအိုးရှင်းစက်ရုံကို ထိုင်းအလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေကိုယ်တိုင် သွားရောက်ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေကိုလည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
"ယူနီအိုးရှင်း အထည်ချုပ်စက်ရုံရဲ့ပိုင်ရှင် တရုတ်ပြည်မှာနေတဲ့ တရုတ်သူဌေးကို စဝါတီကန်ရုံးက ဦးစီးအရာရှိ ဖိမယ့်တာ ကိုယ်တိုင် ဖုန်းဆက်ပြီးတော့ လက်ရှိရနေတာ ၁၂၀ဖြစ်တယ်၊ ပေးရမှာက ဘတ် ၃၀၀ဖြစ်တယ်၊ အဲဒီတော့ကြားချပြီးတော့ အလုပ်သမားတွေ အဆင်ပြေအောင် တိုးပေးလိုက်ပါလို့ ပြောကြားတဲ့အတွက် မကြာခင်မှာပဲ အဲဒီ့ တရုတ်ပြည်က တရုတ်သူဌေးက ယူနီအိုးရှင်းစက်ရုံကိုလာပြီးတော့ အလုပ်သမားတွေနဲ့ စုံညီအစည်းအဝေး ပြုလုပ်ပြီးတော့ လုပ်အားခတိုးပေးရေးကို သူစဉ်စားမယ်လို့ပြောပါတယ်ခင်ဗျ"
စက်ရုံတာဝန်ရှိသူတွေနဲ့ စဝါတီကန်ရုံးက တာဝန်ရှိသူတွေကပါ လုပ်အားခတိုးပေးရေး အာမခံတဲ့အတွက် ဆန္ဒပြအလုပ်သမားတွေ မွန်းလွဲ ၁နာရီမှာ အလုပ်ပြန်ဆင်းကြတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံတစ်နိုင်လုံးမှာ အလုပ်သမားတစ်ယောက် တစ်ရက်လုပ်အားခ အခုလ ၁ရက်နေ့ကစပြီး ဘတ် ၃၀၀ပေးဖို့ ထိုင်းအစိုးရက တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။
အခု ဆန္ဒပြတဲ့ ယူနီအိုးရှင်းစက်ရုံးက မြန်မာအလုပ်သမားတွေကတော့ ဘတ် ၃၀၀မရရင်တောင် ယခင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မဲဆောက်ဒေသတွင်း တစ်ရက်လုပ်အားခ ၂၂၆ဘတ်ရရင် ကျေနပ်တယ်လို့ ပြောနေကြပါတယ်။