ထိုင်းမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြား
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်း များပြားလာတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြားလာတယ်လို့ သိရပါတယ်။
-
2012-07-20 -
-
-
အရင်က အခြေခံမြန်မာစာ သင်တန်းမှာတောင် လူများများမရှိခဲ့ဘူးလို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ နှစ်ပေါင်း ၂၀ ကျော် မြန်မာစာ သင်ကြားနေတဲ့ ဆရာမ ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။
ဒါပေမဲ့ ခုတလောမှာတော့ အတန်းခွဲသစ်တွေ စဖွင့်မှာကို စောင့်နေတဲ့သူတွေ အတော်များလာပါတယ်။ လောလောဆယ် တန်းခွဲသစ် မဖွင့်နိုင်သေးပေမဲ့ ဒီလအတွင်း ဖွင့်နိုင်မယ် ထင်ပါတယ်လို့ ဒေါ်သန်းသန်းမြင့်က ပြောဆိုကြောင်း Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။
နာရီ (၃၀) စာ သင်တန်းကို ကလေးတွေနဲ့ လူကြီးတွေအတွက် အတန်းခွဲပြီး သင်ကြားမှာ ဖြစ်ပါတယ်။ မြန်မာစာ တတ်ထားရင် ထိုင်းနိုင်ငံမှာဖြစ်ဖြစ် မြန်မာနိုင်ငံမှာဖြစ်ဖြစ် စီးပွားရေးလုပ်တဲ့အခါ အသုံးဝင်မှာ ဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။