လူကုန်ကူးမှုပပျောက်ရေး ထိုင်း-မြန်မာ ပူးပေါင်း
မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု ကျဆင်းရေး ဆောင်ရွက်နေသော်လည်း၊ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားပါတယ်။
-
2013-11-01 -
-
-
မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု ကျဆင်းရေး ဆောင်ရွက်နေသော်လည်း၊ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက်မှာ အောက်တိုဘာ ၃၁ ရက် မနေ့ မနက်ပိုင်းကကျင်းပခဲ့တဲ့ မြန်မာ-ထိုင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနှစ်အောက်တိုဘာလအထိ လူကုန်ကူးမှု ၆၆ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ပေမယ့် ရပ်တန့်မသွားဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း၊ အခုဒီရုံးဖွင့်လှစ်တာဟာ ၂၀၀၉ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက် MOU ထဲမှာပါဝင်တဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မှာ လူကုန်ကူးမှုကျဆင်းရေးကို စနစ်တကျလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားပါတယ်။
အခမ်းအနားတက်ရောက်ခဲ့တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကုလသမဂ္ဂစီမံချက်အဖွဲ့UNIAP က ဒေါ်ဥမ္မာအိအိချောကလည်း မြဝတီ-မဲဆောက်လမ်းကြောင်းက လူကုန်ကူးမှု ပြဿနာဟာ ကြီးထွားလာနေတဲ့အပြင်၊ လူကုန်ကူးခံရပြီး ပြန်လွတ်မလာသူတွေလည်း အများအပြားရှိနေတာမို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲကို ရဲမှူးချုပ် ဝင်းနိုင်ထွန်း၊ ခရိုင်နဲ့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ညွန်ကြားရေးမှုး၊ တပ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မဲဆောက်အုပ်ချုပ်ရေးမှူးစတဲ့ နှစ်နိုင်ငံအဆင့်မြင့်အရာရှိတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကုလသမဂ္ဂစီမံချက်အဖွဲ့က တာဝန်ရှိသူတွေ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေ စုစုပေါင်းအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။