အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ဝန်ခံ
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ဝန်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
-
2012-08-02 -
-
-
စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ဝင်ပြီးတဲ့နောက် အဲဒီလို ဝန်ခံတာပါ။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ပါလို့ အဲဒီလူ ၉ ယောက်က ထပ်ခါတလဲလဲ ပြောပေမဲ့ သူတို့ကို ဒီနေ့ အမှု စစ်ဆေးပါမယ်။ သူတို့ လက်ဝယ်မှာ M 16 , AK 47 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေ လမ်းကြောင်းသစ်နဲ့ အမှုသစ် စတင်ဖို့ ချင်းနင်း ကျူးကျော် ဝင်ရောက်မှုနဲ့ တခြားဥပဒေ ရေးရာတွေမှာ တတ်ကျွမ်း နားလည်တဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေနဲ့ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့သစ်ကို မြန်မာ အာဏာပိုင်တွေက ဖွဲ့စည်းထားတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် ကတိကဝတ် ပေးထားတဲ့အတိုင်း ပြစ်ဒဏ် ကင်းလွတ်ခွင့် ဒါမှမဟုတ် ပြစ်ဒဏ် သက်သာခွင့်ပေးဖို့ သုံးသပ် စဉ်းစားရအောင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျန်လူ ၈၃ ဦးရဲ့ အမှုကို နေပြည်တော်ကို လွှဲအပ်မယ်လို့ ထိုင်း မြန်မာ နယ်ခြား ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak က ပြောပါတယ်။