မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC ရုံးကို ထိုင်းအစိုးရ ချိပ်ပိတ်

ရုံးအဆောက်အဦက လူနေထိုင်ဖို့အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ချိပ်ပိတ်သွားတာလို့ AAC အဖွဲ့ ဒါရိုက်တာက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီနေသည့် AAC မဟာမိတ်အဖွဲ့ရုံးအား ထိုင်းအာဏာပိုင်များက ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ချိပ်ပိတ်နေစဉ်။ Photo: Hla Khaing/ Facebook
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ ဖွင့်ထားတဲ့ မြန်မာအလုပ်သမားအရေး ကူညီပေးရေးအဖွဲ့ (AAC မဟာမိတ်အဖွဲ့) ရုံးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချိပ်ပိတ်လိုက်ပါတယ်။
 
AAC မဟာမိတ်အဖွဲ့ရုံးမှာ ကူညီပေးထားသူတွေရဲ့ အချက်အလက်တွေကို ထိုင်းအာဏာပိုင်တွေ‌က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လာရောက်စစ်ဆေးရာမှာ ဥပဒေနဲ့ အညီဆောင်ရွက်ပေးနေတာဖြစ်ကြောင်း တင်ပြနိုင်ခဲ့ပေမဲ့ အဆောက်အဦဟာ လူနေထိုင်ဖို့အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀ ရက်နေ့မှာ ချိပ်ပိတ်သွားတာလို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။
 
"၁၈ ရက်နေ့က လာစစ်ဆေးတာက တရားမဝင်အလုပ်သမားတွေ ဒီမှာထားထားတာလား ဒါမှမဟုတ်ရင် ဥပဒေနဲ့ မညီတဲ့သူတွေကို ထားထားတာလားဆိုတာကို လဝကတွေက စစ်ဆေးသွားတာ။ အဲဒီမှာလည်း ကျွန်တော်တို့ ဥပဒေနဲ့အညီထားတယ်။ ဧည့်စာရင်းတိုင်ထားတာ မရှိဘူးပြောလို့ ကျွန်တော်တို့က ဥပဒေအရ အခွန်ဆောင်ပြီးသွားပြီ။ အခုအခါကျတော့ အဆောက်အဦကို ပြဿနာလာရှာတာပေါ့"
 
ထိုင်းအာဏာပိုင်တွေရဲ့ ချိပ်ပိတ်စာထဲမှာတော့ AAC မဟာမိတ်အဖွဲ့ရုံးအဆောက်အဦဟာ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် တည်းခိုနေထိုင်သူတွေကို လုံခြုံမှုမပေးနိုင်ကြောင်းနဲ့ အန္တရာယ်ရှိတဲ့အဆောက်အဦဖြစ်တာကြောင့် ချိပ်ပိတ်တာလို့ရေးထားကြောင်း ဦးခိုင်ကြီးက ပြောပါတယ်။
 
ချိပ်ပိတ်ထားတဲ့ အဆောက်အဦကို ဆက်လက်အသုံးပြုရင် တစ်ရက်ကို မြန်မာကျပ်ငွေ ၁၃ သိန်းကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ တစ်သောင်းဒဏ်ကြေးပေးရမယ်လို့ ချိပ်ပိတ်စာမှာ ရေးထားပါတယ်။
 
ဒါ့အပြင် ရက်ပေါင်း သုံးဆယ်ကနေ ခြောက်ဆယ်အတွင်းမှာ အဆောက်အဦကို ဖြိုဖျက်ပေးဖို့နဲ့ ဖြေရှင်းမှုမရှိရင် ဒဏ်ငွေအနေနဲ့ မြန်မာကျပ်ငွေ သိန်းရှစ်ဆယ်နီးပါးနဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ခြောက်သောင်းပေးဆောင်ရမဲ့အပြင် ထောင်ဒဏ်သုံးလအထိ ချမှတ်ခံရမယ်လို့ အမိန့်စာထဲမှာပါဝင်ကြောင်း AAC က ပြောပါတယ်။
 
AAC မဟာမိတ်အဖွဲ့ရုံးကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ နှစ်သန်းကျော် တန်ဖိုးရှိတယ်လို့ AAC မဟာမိတ်အဖွဲ့က ပြောပါတယ်။
 
အဆောက်အဦပြန်လည်အသုံးပြုခွင့်ရဖို့ ထိုင်းအာဏာပိုင်တွေကို အသနားခံစာတင်ပြဖို့ AAC အဖွဲ့က ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီအခက်အခဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ ဝင်ရောက်ဖြေရှင်ပေးဖို့ မျှော်လင့်ကြောင်းလည်း ဦးခိုင်ကြီးက ပြောပါတယ်။
 
AAC အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး NUG နဲ့ စစ်ကောင်စီကို RFA က မေးမြန်းဖို့  ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
 
AAC မဟာမိတ်အဖွဲ့ရုံးမှာ ချိပ်ပိတ်မခံရခင်အထိ ကူညီပေးနေတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ရှိပါတယ်။ အဲဒီထဲမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) နဲ့ရောက်လာပြီး အခက်အခဲဖြစ်နေတာကြောင့် ကူညီထားသူ ၃၁ ယောက်ပါဝင်ကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org