မြန်မာမှာ ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေ ပြန်လွတ်ဖို့ ကြိုးပမ်းနေကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။

မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးခဲ့သည့် (အနီဖြင့်ကွင်းပြထား) ထိုင်းရေလုပ်သား လေးဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Facebook/ กองทัพเรือ Royal Thai Navy

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန် (Maris Sangiampongsa) က ပြောကြောင်း ဘန်ကောက်ပို့စ်က ဇန်နဝါရီ ၂၈ ရက် ဒီနေ့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား လေးဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းအထက်လွှတ်တော်မှာ လွှတ်တော်အမတ် တစ်ဦးက မေးမြန်းတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလို ဖြေကြားခဲ့တာပါ။

ထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီထံ သုံးကြိမ်တိုင် တောင်းဆိုထားပြီး ဆက်လက်တောင်းဆိုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား လေးဦးထဲက တစ်ဦးရဲ့ မိသားစုဝင်ကသာ သွားရောက်တွေ့ဆုံခွင့်ရ ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ထိုင်းရေလုပ်သား လေးဦး စတင်ဖမ်းဆီးခံရချိန်ကတည်းက မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပြီး နှစ်နိုင်ငံကလိုက်နာကြတဲ့ စည်းမျဉ်းဥပဒေ မတူညီတာတွေက ကြန့်ကြာမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကလည်း ဒီကိစ္စကိုပြေလည်အောင် ညှိနှိုင်းနေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်း ငါးဖမ်းစက်လှေ တစ်စင်းနဲ့အတူ ထိုင်းနိုင်ငံသား လေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သူတို့ကို မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် ငါးဖမ်းမှုတွေနဲ့ ထောင်ဒဏ် လေးနှစ်က ခြောက်နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org