ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA ) ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ရေးအတွက် လွဲပြောင်းပေးဖို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် (ရှေ့တန်းဘယ်မှ တတိယ) ဖြစ်ပါသည်။ RFA

ပြီးခဲ့တဲ့လက ထိုင်းအစိုးရက မူးယစ်ရာဇာ ၂၅ ဦးကို အလိုရှိသူစာရင်း ထုတ်ပြန်လိုက်ပြီး ဆုငွေ ဘတ် (၁၀) သိန်း ပေးမယ်လို့ ကြေညာခဲ့ရာမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့အမည်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သက်သေအထောက်အထား မပြည့်စုံရင် ထိုင်းတရားရုံးက လက်ခံမှာမဟုတ်လို့ အခုလို ဆင့်ခေါ်ရတာ ဖြစ်ကြောင်း ထိုင်း ဒု ဝန်ကြီးချုပ် Chalerm Yoobam-rung က မနေ့က ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ်ကလည်း သက်သေအထောက်အထား အမှန်သိရအောင် မိမိတို့ဆီကို ထိုင်း ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့နဲ့ သက်သေမခိုင်လုံရင် မိမိအမည်ကို စာရင်းထဲက ပယ်ဖျက်ဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ဒု ဝန်ကြီးချုပ်က နာမည်ပယ်ဖျက်ဖို့အတွက် ထိုင်းရုံးတော်မှာ ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ရှင်းလင်းရမယ့် ကိစ္စဖြစ်ကြောင်း၊ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၉ နှစ်က ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေး ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ ဖြစ်ကြောင်း ပြောဆိုပါတယ်။

အခုအခါ ထိုင်း မြန်မာနယ်စပ်ဂိတ် ၁၂ ခုကို ဒီကေဘီအေက ပိတ်ဆို့ထားလိုက်ပြီး တချို့နေရာတွေမှာ မြန်မာဈေးသည်တွေကို ထိုင်းဘက်အဝင်မခံဘူးလို့ ဆိုပါတယ်။ ထိုင်း နိုင်ငံခြားရေးဌာနကတော့ ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အခြေအနေမှာရှိနေပြီး ဗိုလ်နှုတ်ခမ်းမွှေးကိစ္စဟာ နယ်စပ်ကုန်သွယ်ရေးအပေါ် မထိခိုက်ဘူးလို့ ဆိုပါတယ်။

နယ်စပ်ဂိတ် ပိတ်တယ်ဆိုတာဟာလည်း အစိုးရတစ်ရပ်ကသာ တရားဝင် ပိတ်နိုင်တာ ဖြစ်ပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံဘက်ကို မသွားရောက်ကြဖို့ နယ်စပ်ဒေသခံတွေကို ထိုင်းစစ်တပ်က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org