ထိုင်း-မြန်မာနယ်စပ် နိုင်ငံခြားသား ဝင်/ထွက်ပေါက် (၄) ခုဖွင့်လှစ်

မြန်မာနိုင်ငံထဲကို ဗီဇာပါရှိတဲ့ နိုင်ငံကူးလက်မှတ်၊ ခိုင်လုံတဲ့ ခရီးသွား လက်မှတ်ပါရှိတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံသားတွေအပါအဝင် အခြား တတိယနိုင်ငံသားတွေအတွက် ဝင်/ထွက်ခွင့်သွားလာနိုင်တဲ့ နယ်စပ်ဂိတ်ဖွင့်ပွဲ အခမ်းအနားတွေကို ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ဂိတ်လေးခုမှာ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က ကရင်ပြည်နယ်၊မဲဆောက်-မြဝတီချစ်ကြည်ရေး တံတားတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖွင့်ပွဲကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တက်ရောက်လာစဉ်။

မြန်မာနိုင်ငံထဲကို ဗီဇာပါရှိတဲ့ နိုင်ငံကူးလက်မှတ်၊ ခိုင်လုံတဲ့ ခရီးသွား လက်မှတ်ပါရှိတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံသားတွေအပါအဝင် အခြား တတိယနိုင်ငံသားတွေအတွက် ဝင်/ထွက်ခွင့်သွားလာနိုင်တဲ့ နယ်စပ်ဂိတ်ဖွင့်ပွဲ အခမ်းအနားတွေကို ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ဂိတ်လေးခုမှာ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာရရှိထားတဲ့ ထိုင်းနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက် မြဝတီ-မဲဆောက်၊ တာချီလိတ်- မယ်ဆိုင်၊ ကော့သောင်-ရနောင်းနဲ့ ထီးခီး-နမ့်ဖုရော်န် စတဲ့နယ်စပ်ဂိတ်တွေကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်တွေအဖြစ် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေအတွက် အဆင်ပြေချောမွေ့စေဖို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးဖို့ မဲဆောက် - မြဝတီချစ်ကြည်ရေး တံတားထိပ်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖွင့်ပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလိုပြောကြားခဲ့ပါတယ်။

"နယ်စပ်ဒေသမှာရှိတဲ့ ဝင်၊ထွက်ပေါက်တွေကို အပြည်ပြည်ဆိုင်ရာ ဝင်၊ထွက်ပေါက် အဖြစ် အသုံးပြုနိုင်ဖို့ အစီအစဉ်များချမှတ် ခဲ့ပါတယ်။တစ်ဆက်တည်းမှာပင် ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံ ပြည်ဝင်စနစ်ကို စနစ်တကျ ရေးဆွဲခဲ့ပါတယ်။ဒါကြောင့် တိုင်းရင်းသား၊ဒေသခံ ပြည်သူတွေ၊လုပ်ဖော်ကိုင်ဖက် ကိုင်ဖက်တိုင်းရင်းသား အဖွဲ့အစည်းများနဲ့လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဒီစီမံကိန်းကြီး ချောချောမွေ့မွေ့နဲ့ရေရှည်တည်တံ့စေဖို့ ဝိုင်းဝန်းကူညီစောင့်ရှောက်ေပးကြပါ"

ဒါ့အပြင် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တွေကနေ မြန်မာပြည်ထဲကို ဝင်ထွက်သွားလာနိုင်ဖို့ စီစဉ်ဆောင်ရွက်တဲ့ ရည်ရွှယ်ချက်နဲ့ ပတ်သက်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကလည်း အခုလိုပြောပါတယ်။

"နှစ်နိုင်ငံအတွင်းမှာရှိတဲ့ ဧည့်သည်တွေ၊အထူးသဖြင့် တတိယနိုင်ငံသားတွေ၊သွားမယ်လာမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေ၊သွားလာနိုင်အောင် စီစဉ်ပေးတဲ့ သဘောဖြစ်ပါတယ်"

အလားတူ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာရရှိထားတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ နယ်စပ်ဂိတ်တွေက တဆင့် ဝင်ထွက်သွားလာနိုင်ဖို့အတွက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - မယ်ဆိုင် ဂိတ်ဖွင့်ပွဲအခမ်းအနားကို ထိုင်းမြန်မ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဖြစ်တဲ့ အမှတ် ၁ တံတားပေါ်မှာ ဒီကနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။

တာချီလိတ်နယ်စပ်ဂိတ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အရင်က သွားလာခွင့်မပြုတဲ့ မိုင်းပြင်း၊ ပုံပါကျင်၊ မိုင်းယောင်၊ မိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းပေါက်၊ မိုင်းဆတ်၊ မုန်းထော၊ မုန်းထ၊ မိုင်းယု၊ မိုင်းယန်း စတဲ့ရှမ်းပြည်အရှေ့ပိုင်းက မြို့နယ် ၁၆ မြို့နယ်ကို လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်ခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံကူး လက်မှတ်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ထိုင်းနိုင်ငံပြည်ဝင်ခွင့် ဗီဇာရထားရင် အခုဖွင့်လှစ်လိုက်တဲ့ နယ်စပ်ဂိတ် ၄ ခုကနေပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တာချီလိတ် နယ်စပ်ဂိတ်ကနေ မြန်မာပြည် ဝင်ထွက်ခွင့်ဗီဇာ ခွင့်ပြုတဲ့ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ အပါအဝင် ဒေသခံ ဌာနဆိုင်ရာ အကြီးအကဲတွေ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့အတူ စီးပွားရေး လုပ်ငန်းရှင် ၆၀ ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နှစ်နိုင်ငံ ကိုယ်စားလှယ် ၃၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org