ထိုင်းမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရ

ပြည်သူ့စစ်မှုထမ်းဥပေဒကို တိမ်းရှောင်ဖို့ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို တွေ့ရစဥ်။ Matichon News Photo

ပြည်သူ့စစ်မှုထမ်းဥပေဒကို တိမ်းရှောင်ဖို့ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၁ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ကန်ချနဘူရီခရိုင်ထဲမှာ ပွဲစားတွေက စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ထိုင်းအခြေစိုက် Matichon သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်တွေအရ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့အတွက် ထွက်ပြေးလာကြတာဖြစ်ပြီး တစ်ဦးကို ဘတ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်ပေးပြီး ဝင်ရောက်လာတာဖြစ်ကြောင်း Khaosod သတင်းမှာ ရေးသားထားပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံအထိ သွားမဲ့သူတွေလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းမှုကို မလိုလားကြတဲ့အတွက် လာကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း တရားဝင် MOU စနစ်က ယာယီ ပိတ်ပင်ထားတာ ဖြစ်တဲ့အတွက် ရွေးချယ်စရာလမ်း မရှိတဲ့အတွက် အပိုမပါတဲ့ အသက်တစ်ချောင်းကို ကြိုးတန်း လမ်းလျှောက် စွန့်စားပြီးလာကြတာ”

ဒါ့အပြင် မြန်မာနိုင်ငံသား ၁၅ ဦးပါတဲ့ နောက်တစ်ဖွဲ့ကိုလည်း ကန်ချနဘူရီခရိုင်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းမိခဲ့ပြီး ဓာတ်မြေသြဇာအိတ်တွေ သယ်လာတဲ့ကားထဲမှာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦးနဲ့ ကလေး နှစ်ဦးတို့ ပုန်းအောင်းလိုက်ပါလာတာလို့ ဆိုပါတယ်။

သူတို့ကို ဥပဒေအရ အရေးယူပြီးနောက် နေရပ်ပြန်ပို့မှာကို စိုးရိမ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့အတွင်း ထိုင်းနိုင်ငံကို တရာမဝင် ဝင်ရောက်လာမှုနဲ့ မြန်မာနိုင်ငံသား ရှစ်ရာကျော် ဖမ်းဆီးခံထားရပါတယ်။

ဒီစာရင်းတွေဟာ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို RFA က ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်လည်း ပိုများနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org