ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ခန့် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။
-
RFA Burmese
2025-01-30 -
-
-
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့က ကန်ချနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၄၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက် ဒီနေ့မှာတော့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပြောင်းဖူးတင်တဲ့ကားနဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၆ ဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးတင်းကျပ်နေတာကြောင့် မြန်မာနိုင်ငံသားတွေ အထောက်အထားမရှိဘဲ မလာကြဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ ခြောက်လအထူးစီမံချက် ရှိပါတယ်။ ကျားဖြန့်နှိမ်နင်းရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ တားဆီးရေးဆိုတဲ့ အဓိကလုပ်ငန်းစဥ် သုံးရပ်နဲ့ ဆောက်ရွက်နေပါတယ်။ ဒါကြောင့် ပွဲစားတွေပြောတာ နားယောင်ပြီး မလာကြဖို့ ပြောချင်ပါတယ်”
ဇန်နဝါရီ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။
အခုလအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး အကူအညီပေးသူတွေက ပြောပါတယ်။