ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရ ဆက်ဆံရေးတင်းမာ
တရုတ်-မြန်မာနယ်စပ်ဒေသမှာ အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် အခြေအနေ တင်းမာနေတယ်လို့ သျှမ်းသံတော်ဆင့်မှာ စက်တင်ဘာ ၁၆ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။
-
2010-09-17 -
-
-
ပီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁)က စစ်ကြောင်းတကြောင်းနဲ့ စစ်အစိုးရ နယ်မြေစိုးမိုးရေး စစ်ကြောင်းတခုအကြား သီပေါမြို့နယ်အတွင်းက SSA မြောက်ပိုင်း စခန်းအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ ကို သူတို့ အခြေစိုက်တဲ့ နယ်မြေတွေကို စစ်အစိုးရက ကန့်သတ်လာတဲ့အတွက် နှစ်ဖက်တင်းမာလာပြီး တိုက်ပွဲ စတင်ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့် သတင်းစဉ်က ဦးခွန်ဆိုင်းက ပြောပါတယ်။
“စဖြစ်တာကတော့ ပြီးခဲ့တဲ့လတုန်းက နအဖကနေ တပ်မဟာ (၁) ကို ညွှန်ကြားချက် ထုတ်တယ်ပေါ့ဗျာ။ ခင်ဗျားတို့ ပြည်သူ့စစ် မလုပ်ဖူးပေါ့ဗျာ။ သူတို့က BGF မဟုတ်ဖူး၊ အဲဒီဖက်က။ BGF က သူက နယ်စပ်မှာ နေရတာပေါ့။ သူက နယ်စပ်မှာ နေပဲ။ ပြည်သူ့စစ် ဖြစ်တယ်။ ပြည်သူ့စစ်အဆင့်ကို ခင်ဗျား လက်မခံဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ တပ်တွေဟာ တန့်ယန်းနဲ့ မုန်းယိုင် ကားလမ်းတောင်ဖက်မှာပဲ နေပါ။ ဒီ မြောက်ဖက်ပိုင်း မတိုးလာပါနဲ့။ အဲဒါမျိုး ပြောတယ် နော်။ ဟုတ်ကဲ့၊ ဒီလိုမျိုး ပြောပြီးတဲ့ နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ကို ဖြစ်ဖို့ လက်ခံထားတဲ့ တပ်တွေကလည်း တော်တော်များများက တပ်သားတွေပေါ့ဗျာ၊ သူတို့ကလည်း တပ်မဟာ (၁) ထဲ ဝင်လာကြတယ်။ နောက်ပြီးတော့ တပ်မဟာ (၁) ကလည်း ဒီနယ်မြေတွေဟာ ကျွန်တော်တို့ SSA (မြောက်ပိုင်း) က လှုပ်ရှားတဲ့ နယ်မြေတွေ အကုန်လုံးပဲ ဆိုပြီးတော့မှ သူတို့ကလည်း ထပ်လည်း လှုပ်ရှားတာပေါ့၊ ဒီလို ဆက်လက် လှုပ်ရှားရင်းနဲ့ ၁၄ ရက်နေ့ကျတော့ သူတို့ ဆိုင်မိကြပြီးတော့မှ တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။”
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ဟာ တပ်မဟာ ၁၊ တပ်မဟာ ၃၊ နဲ့တပ်မဟာ ၇ ဆိုပြီး တပ်မဟာ ၃ ခု ရှိပါတယ်။ အဲဒီအထဲက တပ်မဟာ ၃ နဲ့ ၇ ဟာ ပြည်သူ့စစ်ဖွဲ့ဖို့ သဘောတူထားပြီး ဖြစ်ပေမဲ့ တပ်မဟာ (၁) ကတော့ ပြည်သူ့စစ်ဖွဲ့ဖို့ကို လက်မခံပဲ ငြင်းဆန်ထားပါတယ်။
အခုလို တင်းမာလာတာဟာ အရှေ့မြောက်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် အောင်ကျော်ဇော ရောက်လာပြီးမှ နှစ်ဖက် ဆက်ဆံရေး ပိုဆိုးလာနေတာလို့လည်း ဦးခွန်ဆိုင်းက ပြောပါတယ်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောဟာ အရင်က ပန်ဆန်းဒေသမှာ ရှိတဲ့ တပ်မ ၃၃ တပ်မမှူးအဖြစ် တာဝန်ယူခဲ့ပြီး တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဖြစ်ပါတယ်။