ရေစကြိုမြို့နယ် ဆင်တဲရွာတိုက်ပွဲ စစ်တပ်ဘက်က ၁၀ ယောက် သေဆုံး

ရေစကြိုမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ဓာတ်ပုံ - မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဆင်တဲရွာမှာ ဖေဖော်ဝါရီ ၂၆ ရက် မနေ့က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ၄၀ မမ နဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့၊ နှလုံးလှလူမိုက်ကြီးအဖွဲ့၊ မြင်းမူ မြို့ပြတော်လှန်ရေးအဖွဲ့၊ ဒေါင်းညီနောင်အဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစု စတဲ့အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျွန်းညိုရွာကိုလည်း ဝင်ရောက်ခဲ့ကာ ရွာထဲက နေအိမ် ၄ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ရေး RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းပေါ်က လှေခုတ်ရွာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီး စစ်ကြောင်းထိုးခဲ့ရာ ရွာပေါင်း ၄၇ ရွာက ဒေသခံရွာသား အားလုံးနီးပါး ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org