တိုက်ပွဲတွေကြောင့် ဆရာ၊ ဆရာမတွေ တိမ်းရှောင်လာရ
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးမြို့ဘက်က ဆရာ၊ ဆရာမ ဦးရေ ၁၈၀ ကျော်ဟာ မူဆယ်မြို့မှာ တိမ်းရှောင်နေရပါတယ်။
-
2016-11-27 -
-
-
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးမြို့ ဘက်က ဆရာ၊ ဆရာမ ဦးရေ ၁၈၀ ကျော်ဟာ မူဆယ်မြို့မှာ တိမ်းရှောင်နေရပါတယ်။
ဆရာ၊ ဆရာမတွေဟာ တရုတ်ပြည်ဘက်ကနေတဆင့် မူဆယ်မြို့ကို ရောက်ရှိလာတာဖြစ်တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဇော်မင်း က ပြောပါတယ်။
"ပန်ဆိုင်း(ကြူကုတ်)နဲ့ မုံးကိုးဘက်ကပါ။ ပန်ဆိုင်း (ကြူကုတ်) နဲ့ မုံးကိုးဘက်က သူတို့က ဝန်ထမ်တွေပေါ့။ အဓိက ပညာရေးဝန်ထမ်းတွေပေါ့။ ဆရာ၊ ဆရာမတွေ။ အခု ၇၆၁ ယောက်ထဲမှာ အဲဒီဘက် ကလာတဲ့ ပညာရေးဝန်ထမ်းတွေက ၁၈၂ ယောက်ရှိမယ်။ သူတို့က မြို့ပေါ်မှာစု။ စုပြီးတော့မှ အမှန်အတိုင်းပြောရ ရင် တရုတ်ပြည်ဘက်နေတဆင့် ကူးပြီးတော့မှ ဒီဘက်ကို ပြန်ဝင်လာကြတာပေါ့"
အဲဒီဆရာ၊ ဆရာမတွေကို မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှာရှိတဲ့ အ.ထ.က (၂) နဲ့ အ.မ.က (၄) ကျောင်းတွေ မှာ နေရာချထားပေးထားပါတယ်။ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးမြို့နယ်တွေက ကျေးရွာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ကချင်၊ တအာင်း၊ ကိုးကန့် နဲ့ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မူဆယ်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်အရေ အတွက် ၃၇၀၀ ဝန်းကျင် အထိရှိခဲ့ပြီး လက်ရှိ မူဆယ်မြို့က ယာယီစခန်းမှာ ၈၀၀ နီးပါး ကျန်ရှိနေပါတယ်။
မနေ့ညက မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ကို သွားရာလမ်းမှာရှိတဲ့ ပန်ခမ်းတံတားအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး ကေအိုင်အေအဖွဲ့က တပ်သားအဆင့်ရှိသူ တစ်ဦး ကို ဖမ်းမိထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။