တောင်သာမြို့နယ် နတ်စောင့်ရွာ ဗုံးကြဲခံရပြီး ခြောက်ဦး သေဆုံး

တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို မတ် ၄ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ခြောက်ဦး သေဆုံးပြီး နေအိမ် သုံးဆယ်ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့စဉ်။ နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို မတ်လ ၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ခြောက်ဦး သေဆုံးပြီး နေအိမ် သုံးဆယ်ခန့် မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ည ၁၀ နာရီခွဲခန့်မှာ နတ်စောင့်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ပေါင်ငါးရာ ဗုံးသီးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာခံတွေလည်း ညတွင်းချင်း ထွက်ပြေးကြတယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ - တောင်သာရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာအလယ် ဓမ္မာရုံဘေးကျတာ။ လတ်တလော ကျွန်တော်တို့ ကနဦးရတာက ပြည်သူခြောက်ဦး သေဆုံးတယ်။ ဒဏ်ရာရတဲ့သူက လေးဦးဝန်းကျင်လောက်ရှိတယ်။ အပြင်းအထန်ပေါ့ဗျာ။ တချို့လည်း မန္တလေးဆေးရုံ ပို့ရတာရှိတယ်။ မီးလောင်သွားတာဆိုတော့ မနေ့ညကတည်းက ရွာထဲမှာ လူမရှိသလောက် ဖြစ်သွားတယ်။ အဲဒီရွာက ရဲဘော်အဝင်အထွက်တော့ အနည်းငယ်ရှိတာပေါ့။ အထိုင်ဆိုပြီး မရှိဘူး။ သာမန်ပြည်သူတွေပဲ နေတဲ့ရွာပေါ့။ နောက်တစ်ခုက နတ်စောင့်အုပ်စုထဲက ထန်းကျင်းဆိုတဲ့ရွာနဲ့ ကျေးရွာချင်း ခြံစည်းရိုးခတ်ထားတာ။ ထန်းကျင်းရွာက ပျူစောထီးအားကောင်းတယ်”

ဒီမနက်မှာ ထန်းကျင်းရွာက ပျူစောထီးအဖွဲ့ဝင်တွေ နတ်စောင့်ရွာမှာ ရောက်ရှိနေတဲ့အတွက် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် သုံးဆယ်ခန့်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၇၀ ခန့်ရှိတဲ့ နတ်စောင့်ရွာဟာ တောင်သာမြို့အနောက်ဘက် ငါးမိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေး ပြုလုပ်နေသောကြောင့် ဗုံးခိုကျင်းတွေ စနစ်တကျတူးထားဖို့နဲ့ အထူးသတိထားပြီး နေထိုင်ကြဖို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာက တိုက်တွန်းပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၃ ရက်နေ့ကလည်း မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြိုနယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

RFA စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org