တောင်သာမြို့နယ်က ရွာနှစ်ရွာ လေကြောင်းတိုက်ခိုက်ခံရ
2024.09.24

မန္တလေးတိုင်း တောင်သာမြို့နယ် ရွာသာယာနဲ့ ရတနာပုံရွာတို့ကို စက်တင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး ဒဏ်ရာရပြီး အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီရွာတွေဟာ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်အစပ်က ရွာတွေဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ ပေါင် ၂၅၀ ဗုံးသီးတစ်လုံးကို ရှင်းလင်းရေး လုပ်ပေးခဲ့ရတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မကွေးလေတပ်ကလာတဲ့ ဂျက်ဖိုက်တာ တစ်စင်းနဲ့ ပတ်ကြဲသွားတာဗျ။ ပေါင် ၂၅၀ ဗုံး လေးလုံးကြဲတယ် သုံးလုံးကွဲတယ်။ တစ်လုံးက မကွဲဘဲ ကျန်နေခဲ့တယ်ပေါ့။ ရတနာပုံမှာတော့ အဆောက်အအုံ ပြိုသွားတယ်။ ရွာသာယာမှာတော့ ပြည်သူနှစ်ယောက်နဲ့ နွားတစ်ကောင် ထိတယ်။ ထူးခြားတာက ဒီဗုံးသီးတွေက ၉ လပိုင်း ၁၁ ရက် ရက်စွဲနဲ့ ဒီလထဲကမှ ထုတ်ထားတာ။ အခုထုတ် အခုချတဲ့ပုံစံမျိုးဆိုတော့ ဗုံးသီးရှားနေတဲ့ပုံပဲလို့ ထင်တယ်”
ဗုံးကြဲခံရတဲ့ ရွာနှစ်ရွာအနီးက ဇရပ်ကြီးရွာနဲ့ ငွေသောင်ရွာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန် ကာကွယ်နိုင်မဲ့ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး”အဖြစ် သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တောင်သာမြို့နယ်က ခြုံကြီးရွာနဲ့ ရွာအနီးက PDF ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး၊ ရွာခံအရပ်သား အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။