တောင်သာ စံဦးရွာမှာ ရွာသားလေးဦး ရိုက်နှက်ဖမ်းဆီးခံရ
မန္တလေးတိုင်း တောင်သာမြို့နယ်၊ စံဦးရွာကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၄ နာရီလောက်က စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက် ရောက်ရှိလာပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) အများပြည်သူ အကျိူးပျက်စီးစေမှု နဲ့ အမှုဖွင့်ထား သူကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ ရှာမတွေ့လို့ဆိုပြီး မိသားစုဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ လေးဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ စံဦးရွာက ဒေသခံတွေက ပြောပါတယ်။
- 2021-08-20
-
-
-
မန္တလေးတိုင်း တောင်သာမြို့နယ်၊ စံဦးရွာကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၄ နာရီလောက်က စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက် ရောက်ရှိလာပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) အများပြည်သူ အကျိုးပျက်စီးစေမှု နဲ့ အမှုဖွင့်ထားသူကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ ရှာမတွေ့လို့ဆိုပြီး မိသားစုဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ လေးဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ စံဦးရွာက ဒေသခံတွေက ပြောပါတယ်။
သူတို့လေးဦးကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စံဦးရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။
"ရွာက ကိုဇော်ထွေးဆိုတဲ့ အကိုတစ်ယောက်က ၅၀၅ (ခ) နဲ့အမှုဖွင့်ခံထားရတယ်။ ဒါကိုလည်း လာရှာ တာပေါ့။ နောက်ပြီး ရွာက PDF တွေကို လက်ခံတယ်။ ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ဖမ်းခိုင်းတာ။ အခုလည်း စစ်သားတွေတော့ ပြန်သွားပြီ။ အရပ်ဝတ်နဲ့ သုံးယောက်လောက်တော့ အုပ်ချုပ်ရေးမှူးအိမ်မှာ ချန်ထားတယ်။ တစ်ရွာလုံးမှာ စစ်ကောင်စီ ထောက်ခံတာ စစ်ပြန် နှစ်အိမ်နဲ့ အုပ်ချုပ်ရေးမှူး မိသားစုတွေပဲ ရှိတာပါ။ လတ်တလောကတော့ လူငယ် တွေ ရွာမှာမနေရဲလို့ ထွက်ပြေးနေကြတယ်။ ဖမ်းခံရတဲ့သူတွေကို တောင်သာ ရဲစခန်းက စစ်ကြောရေးကို ခေါ်သွားတယ်"
ဖမ်းဆီးခံလိုက်ရသူတွေက ဦးလှဌေး၊ ဦးမင်းသူဟိန်း၊ ဦးကျော်ဟိန်း နဲ့ ဦးဟိန်းစိုး တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၁ ရက်နေ့ကလည်း စံဦးရွာကို ဝင်ရောက်ခဲ့ပြီး လူတွေ ဖမ်းဆီးသွားတာ မရှိခဲ့ပေမယ့် နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေပြီး ရွှေ၊ ငွေ ၁၇ သိန်းဖိုးခန့် ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စံဦးရွာဟာ တောင်သာမြို့နဲ့ ၁၂ မိုင်ခန့် အကွာမှာရှိပြီး လူဦးရေ ၁၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီနေ့ မနက်က ဖမ်းဆီးခံရတဲ့သူတွေနဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ကျေးရွာအတွင်းက ရွှေ၊ ငွေတွေကို ယူဆောင် သွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။