တန့်ယန်းစစ်ရေး မတည်ငြိမ်မှုကြောင့် ဒုက္ခသည်ဦးရေ တိုးလာ
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နယ်မြေတချို့မှာ မြန်မာအစိုးရတပ်တွေနဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ် တာကြောင့် တန့်ယန်းမြို့နားက အောင်မင်္ဂလာကျောင်း တိုက်က ဒုက္ခသည်စခန်းကို နေ့စဉ်ဆိုသလို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ စခန်းအုပ်ချုပ်ရေးအဖွဲ့က RFA ကို ပြောပါတယ်။
-
2013-04-18 -
-
-
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နယ်မြေတချို့မှာ မြန်မာအစိုးရတပ်တွေနဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ်တာကြောင့် တန့်ယန်းမြို့နားက အောင်မင်္ဂလာကျောင်းတိုက်က ဒုက္ခသည်စခန်းကို နေ့စဉ်ဆိုသလို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ စခန်းအုပ်ချုပ်ရေးအဖွဲ့က RFA ကို ပြောပါတယ်။
ဒီကနေ့မှာလည်း ဒေသခံ တိုင်းရင်းသား ၁၇ ဦး ထပ်မံရောက်ရှိလာတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ဦးစိုင်းလှရွှေက အခုလို ပြောပါတယ်။
"မနေ့က လက်နက်ကြီးကျလို့ဆိုပြီး ၁၇ နှစ်ဦး ထပ်ရောက်လာတယ်၊ ကျနော်ကတော့ ဒီမှာရောက်လာတဲ့ လူအားလုံးကို လက်ခံထားတယ်၊ ပြန်နိုင်ဖို့ အခြေအနေကမရှိဘူး။ သူတို့က တိုက်ပွဲဖြစ်မှာကို ကြောက်နေတယ်၊ ကျန်းမာရေးဌာနက ၂၄ နာရီ တာဝန်ယူပြီး ကုသပေးနေတယ်"
မနေ့က လွယ်စေးကျေးရွာအုပ်စုအတွင်းက ရွာနှစ်ရွာပေါ်ကို လက်နက်ကြီးတွေ ကျရောက်လာတာကြောင့် ဒေသခံတွေက ယာယီဒုက္ခသည်စခန်းဖွင့်ထားတဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းတိုက်ကို ထပ်မံရောက်ရှိလာပြီး လောလောဆယ်မျာ နေရပ်ကိုမပြန်ရဲသေးဘူးလို့ ဆိုပါတယ်။
အခုဆိုရင် ဒီဒုက္ခသည်စခန်းမှာ ဒေသခံ စုစုပေါင်း ၄၃၅ ဦး ရှိနေပြီး စားရေးသောက်ရေးကတော့ လက်ရှိအချိန်ထိ လုံလောက်မှု ရှိနေသေးတယ်လို့ သိရပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အသက် ၁ နှစ်ကျော် ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦး ကျည်စထိမှန်ပြီး တန့်ယန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။