တန့်ဆည်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါ တယ်။
-
2014-06-28 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ တန့်ဆည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက ဆန္ဒပြရတဲ့ အကြောင်း RFA ကို အခုလို ပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပုဒ်မ ၄၃၆ မပြင်ရင် မရဘူးလို့ ကျနော်တို့ ခံယူထားပါတယ်၊ ပုဒ်မ ၄၃၆ ပြင်မှသာလျှင် တခြားဥပဒေပုဒ်မတွေကို ပြင်လို့ရမှာဖြစ်တဲ့အတွက် အဓိကသော့ချက်ဖြစ်တဲ့ ဒီ ၄၃၆ ကိုပြင်ဖို့ လုပ်ရခြင်းဖြစ်ပါတယ်၊ ၂ဝဝ၈ အခြေခံဥပဒေသည် ဒီမိုကရေစီနဲ့ မညီတဲ့အတွက် တန့်ဆည်မြို့နယ် လူထုကလည်း ပြင်ချင်ပါတယ်ဆိုတာကို သက်ဆိုင်ရာတွေသိစေချင်လို့ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ အာဏာပိုင် ကလည်း လူတွေရဲ့ဆန္ဒတွေကို လေးစားအသိအမှတ်ပြုလာရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုထုတ်ဖော်ခြင်းဖြစ် ပါတယ်"
ဆန္ဒပြပွဲကို တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တာဖြစ်ပြီး တန့်ဆည်မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ ရေဦး၊ ကလေးဝ လမ်းမတစ်လျှောက်ကနေ တန့်ဆည် မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့မှာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေမှာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။