ကျူးကျော်တွေကို အငှားစနစ်နဲ့ တန်ဖိုးနည်းအိမ်ရာမှာ နေရာချမည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရဲ့ အစိုးရပိုင်မြေနေရာတွေနဲ့ လမ်းတွေမှာ နှစ်ပေါင်းများစွာ ကျုးကျော်နေထိုင်ကြသူတွေကို တန်ဖိုးနည်းအိမ်ရာမှာ အငှားစနစ်နဲ့ နေရာချထားပေးဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်နေပါတယ်။
-
2018-01-14 -
-
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရဲ့ အစိုးရပိုင်မြေနေရာတွေနဲ့ လမ်းတွေမှာ နှစ်ပေါင်းများစွာ ကျုးကျော်နေ ထိုင်ကြသူတွေကို တန်ဖိုးနည်းအိမ်ရာမှာ အငှားစနစ်နဲ့ နေရာချထားပေးဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်နေပါတယ်။
အခုလောလောဆယ်တော့ ဆောက်လို့ပြီးသွားတဲ့ တိုက် ၂ လုံးက အခန်း ၄၈ ခန်းမှာ နေရာပေးဖို့ စီစဉ်နေတယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြတ်ကိုကိုက ဒီနေ့ ပြောပါတယ်။
"အစိုးရမြေပေါ်မှာ ကျုးကျော်တဲ့သူတွေကို ပေးမယ့်အစီစဉ်တော့လုပ်ထားတယ်။ လောလောဆယ်တော့ ပင်လုံအိမ်ရာ ၂ လုံးက ၄၈ ခန်းကတော့ ၄၈ အိမ်ထောင်စုတော့ ရမှာပေါ့နော်။ အဆောက်အဦးအခြေ အနေတွေမူတည်ပြီးတော့ တဖြည်းဖြည်းတော့ ပေးသွားမယ်လို့ စီစဉ်ထားတယ်။ အစိုးရအဖွဲ့ကတော့ အဲ့လိုပဲ ကျနော်တို့အစည်းအဝေးပွဲမှာပြောထားတယ်။"
ပင်လုံတန်ဖိုးနည်းအိမ်ရာမှာ အခန်း ၁၂ခန်းပါ လေးထပ်တိုက် အဆောက်အအုံ ၇ လုံးဆောက်နေတာဖြစ်ပြီး လက်ရှိမှာ ၂ လုံးသာ ပြီးစီးတာဖြစ်ပါတယ်။ အဲဒီအဆောက်အအုံ ၂ လုံးမှာလည်း ရေနဲ့ လျှပ်စစ်မီးမရသေး တာကြောင့် လာမယ့် ဖေဖော်ဝါရီလလောက်မှဘဲ ကျုးကျော်နေထိုင်သူတွေ အတွက် နေရာချထားပေးဖို့ စီစဉ်မှာဖြစ်တယ်လို့ ပြောပါတယ်။
အခန်းခအနေနဲ့ တစ်လကို ငွေကျပ် ၃ သောင်းကောက်ယူဖို့ စီစဉ်ထားပါတယ်။ မြိတ်မြို့မှာဆိုရင် အစိုးရ ပိုင်မြေနေရာတွေ၊ လမ်းတွေ၊ အများပြည်သူ သုံးရေကန်နေရာတွေမှာ ကျုးကျော်နေထိုင်တဲ့ မိသားစု ၃ ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
အရေးတကြီးဖယ်ရှားပေးဖို့ လိုအပ်တဲ့နေရာတွေက ကျုးကျော်တွေကို အရင်ဖယ်ရှားပြီး နေရာချပေးမှာဖြစ်ပါတယ်။