တိုက်ပွဲကြောင့် ခန်းပတ်မြို့က ဒေသခံ နှစ်ထောင်နီးပါး အိန္ဒိယဘက် ထွက်ပြေးနေရ

တမူးခရိုင် ခန်းပတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။

ခန်းပတ်မြို့ အမှတ် (၁) ရပ်ကွက်မှ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်မှာရှိတဲ့ ခန်းပတ်မြို့မှာ ဇူလိုင် ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံ နှစ်ထောင်နီးပါး ကမ်မကြီးရွာနဲ့ အိန္ဒိယ ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခန်းပတ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို တမူး PDF အဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေစပြီး တိုက်ပွဲတွေပြင်းထန်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း အင်အားထပ်ဖြည့်ထားပြီး ဒီကနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ခန်းပတ်မြို့ အမှတ် (၁) ရပ်ကွက်က ဒေသခံတွေနဲ့ ကနန်ရွာက ဒေသခံ နှစ်ထောင်လောက်ဟာ ဘေးလွတ်ရာနဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခန်းပတ် အမှတ် (၁) နဲ့ ကနန်မှာကတော့ ဘယ်သူမှ မရှိတော့ဘူး နီးစပ်ရာနဲ့ အိန္ဒိယဘက်ခြမ်းကို ပြေးတဲ့သူတွေလည်းရှိတယ်။ အိန္ဒိယနဲ့ ကနန်ရွာကြားက လယ်တောမှာ စစ်အင်အားလာဖြည့်တဲ့ ရဟတ်ယာဉ်တွေကိုလည်း ကြားဖြတ် တိုက်တာတွေရှိတယ်။ တိုက်ပွဲကတော့ အခုထိ သေနတ်သံကြားနေရတုန်းပဲ”

အာဏာသိမ်းပြီးနောက်ပိုင်း ခန်းပတ်မြို့မှာ တိုက်ပွဲဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဇူလိုင် ၂၃ ရက်ညကလည်း ခန်းပတ်မြို့ပေါ်က နေအိမ်တစ်လုံးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၃ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ၇၇၈,၉၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org