တာချီလိတ် ကြံ့ခိုင်ရေးရုံးအနီး ဗုံးငါးလုံးပေါက်ကွဲ၊ ခုနစ်ဦးဒဏ်ရာရ
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးအနီးမှာ ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲခဲ့လို့ ခုနစ်ဦးဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2023-02-28 -
-
-
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအနီးမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီကစပြီး ဗုံးငါးလုံး ဆက်တိုက် ပေါက်ကွဲခဲ့လို့ မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကြံ့ခိုင်ရေးရုံးက မကာဟိုခမ်းရပ်ကွက်မှာရှိတာ။ ပထမတစ်လုံးပေါက်တော့ အုပ်ကြီးက အရင်လာကြည့်တာ။ လာကြည့်တဲ့အချိန်မှာ နောက်ထပ်သုံးလုံး ဆက်ပေါက်တာ။ ဆက်တိုက်ပဲ။ အုပ်ကြီးက ဗိုက်နဲ့ခြေထောက်မှာ ထိသွားတယ်။ ပြီးတော့ ပထမ ဗုံးကွဲချိန်မှာ ကြံ့ခိုင်ရေးရုံး အနောက်ဖက်က ထွက်ကြည့်တဲ့ သူတွေလည်း နောက်ထပ် ကွဲတဲ့အချိန်မှာ ထိခိုက်ကြတယ်”
ည ၁၁ နာရီအချိန်မှာလည်း နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာတော့ မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံး ထပ်မံတွေ့ရှိလို့ဆိုပြီး စစ်ကောင်စီ တပ်သားတွေ လာရောက် သိမ်းဆည်းသွားတယ်လို့ ဒေသခံကပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရှမ်းပြည်အရှေ့ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အရှေ့ပိုင်းနဂါးအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
အရှေ့ပိုင်းနဂါးအဖွဲ့အနေနဲ့ စစ်အာဏာသိမ်း နှစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးအနီးမှာ ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။