ဒီပဲယင်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်
ဒီပဲယင်းမြို့ကို စစ်တပ်က ဩဂုတ် ၁၈ ရက် ညနေပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
-
RFA Burmese
2024-08-19 -
-
-
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာနဲ့ စစ်အင်အားထပ်ဖြည့်တာတွေ ပြုလုပ်ပြီး ဩဂုတ်လ ၁၈ ရက် ညနေပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်နေတာကြောင့် မြို့ကနေ ဆုတ်ခွာခဲ့တာလို့ ဒီပဲယင်းအခြေစိုက် ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။
“မနေ့ညနေပိုင်းက သူတို့က မြို့ထဲမှာ နေရာပြန်ယူလိုက်တာပေါ့။ ကျွန်တော်တို့က လေကြောင်းပစ်ကူနဲ့ဆိုတော့ အထိနာမှာစိုးတော့ နောက်ပြန်ဆုတ်လိုက်ရတာပေါ့။ လေကြောင်းက တောက်လျှောက်ပစ်နေတာလေ။ ဂျက်ဖိုက်တာနှစ်စင်းနဲ့ နှစ်ကြိမ်လာပြီးတော့ ပစ်သွားသေးတယ်။ မုံရွာ နမခ ကနေ Mi 35 နဲ့လာပြီး ပစ်ရင်း စစ်ကူတွေပို့တာ”
စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်နေချိန်မှာပဲ မန္တလေးမြို့ကနေ စစ်ကူအင်အား တစ်ရာခန့်ကို Mi 17 ရဟတ်ယာဉ်နဲ့ လေးကြိမ်ပို့ခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဒီပဲယင်းမြို့မရဲစခန်း မီးလောင်ပျက်စီးသွားတာကြောင့် စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့ပေါ်က မြသိန်းတန် ဘုန်းကြီးကျောင်း၊ ကုန်းသာဦး ဘုန်းကြီးကျောင်းနဲ့ ပုဗ္ပါရုံ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်း (Non CDM) ၄၁ ဦးနဲ့ မိသားစုဝင် ရှစ်ဆယ်ဦး၊ စုစုပေါင်း ၁၂၃ ဦးကိုတော့ မြို့ကနေခေါ်ထုတ်ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မြို့ကို မနေ့က ပြန်ပေးလိုက်ရတယ်။ တိုက်ပွဲတုန်းက ဖမ်းမိထားတဲ့သူတွေကိုလည်း မြို့ကနေ ကျွန်တော်တို့ဘက်က အဖွဲ့တွေ ခေါ်ထုတ်ခဲ့ပါတယ်”
ဩဂုတ်လ ၁၉ ရက် ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာတွေမရှိသေးဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ အစည်းအဝေးခန်းထဲ ရောက်နေတာကြောင့် ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
ဒီပဲယင်းမြို့ပေါ်က တိုက်ပွဲတွေကြောင့် ဒီပဲယင်းမြို့ခံတွေနဲ့ ဒီပဲယင်း - ရေဦးလမ်းတစ်လျှောက်ရွာတွေက လူနှစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။