ကိုဆွေဝင်းရဲ့ရှေ့နေ တရားရုံးမှာ ဆဲဆို၊ ခြိမ်းခြောက်ခံရ

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မဘသ ဆရာတော် ဦးဝီရသူ နောက်လိုက်တွေက ဒီနေ့ မန္တလေးတိုင်း တရားလွှတ်တော်ဝင်းထဲမှာ ခြိမ်းခြောက်၊ ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ကို တွေ့ရစဉ် Photo: Thiha Tun/RFA

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မဘသ ဆရာတော် ဦးဝီရသူ နောက်လိုက်တွေက ဒီနေ့ မန္တလေးတိုင်း တရားလွှတ်တော်ဝင်းထဲမှာ ခြိမ်းခြောက်၊ ဆဲဆိုမှုတွေပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါတယ်။

ရှေ့နေဦးကိုနီကို လုပ်ကြံသူတွေကို ဆရာတော်ဦးဝီရသူက ကျေးဇူးတင်စကား ဆိုတာဟာ “ရဟန်းတပါးအနေနဲ့ ပါရာဇိကကံ ထိုက်တယ်" ဆိုတဲ့ သံဃာတော်တပါးရဲ့မှတ်ချက်ကို ကိုဆွေဝင်းက facebook မှာ မျှဝေခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့် ဦးကျော်မျိုးရွှေက မန္တလေး မဟာအောင်မြေ မြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ မတ်လမှာ အမှုဖွင့်ခဲ့တာပါ။

ဦးဝီရသူဟာ နိုင်ငံတော် အတိုင်ပင်ခံကို ပုတ်ခတ်စော်ကားလို့ အစိုးရရဲ့တရားစွဲဆိုခြင်းကို ခံရပြီးတော့ လက်ရှိ အချိန်မှာ ဖမ်းဝရမ်းထုတ်ခံထားရပြီးတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

ရန်ကုန်မှာနေထိုင်တဲ့ ကိုဆွေဝင်း မန္တလေးမြို့နယ် တရားရုံးကိုသွားပြီး နှစ်နှစ်ဝန်းကျင် အမှုရင်ဆိုင်ခဲ့ပြီးနောက် မြို့နယ်တရားရုံးက အမှုကို ပလပ်ပေးလိုက်ပါတယ်။ ဒါကို မကျေနပ်လို့ ကျော်မျိုးရွှေက တိုင်းတရားရုံးကို ထပ်မံတင်ခဲ့ပါတယ်။

တိုင်းတရားရုံးက အမှုကိုပြန်စစ်ဖို့ ချပေးလိုက်တာကို ကိုဆွေဝင်းတို့ဘက်က ပြန်လည်လျှောက်လဲချက် တင်ပါတယ်။ ဒီကနေ့ နှစ်ဖက်စလုံးက ကြားနာမှုကို အပြီးသတ်တင်ပြီးလို့ တရားခွင်အထွက်မှာ တရားစွဲသူ မဘသ နောက်လိုက်တွေက အခုလို ဆဲဆို၊ ခြိမ်းခြောက်ခဲ့တာလို့ တရားခွင်ကို သွားရောက်နားထောင်ခဲ့သူတွေက RFA ကို ပြောပြပါတယ်။

“ဒေါ်ရွက်နုအောင်ရဲ့တရားခွင်ထဲက လျှောက်လဲချက်တွေကို မကျေနပ်တဲ့ ဦးဝီရသူရဲ့သူတွေက ဒေါ်ရွက်နုအောင်ကို ဆဲဆိုကြတယ်။ တရားရုံးကနေ ထွက်မရအောင်ပိတ်တယ်။ ကားရှေ့မှာ ဆိုင်ကယ်တွေ ပိတ်ရပ်ပြီးဆဲကြတယ်။ ဒေါ်ရွက်နုအောင်က တရားရုံးနောက်ပေါက်ကနေ ထွက်ရတယ်။ဒီအခြေနေကို ဓာတ်ပုံရိုက်တဲ့သူရဲ့ဖုန်းကိုဆွဲလုပြီး ပုံတွေအားလုံး ဖျက်သွားတယ်။ ပြဿနာဖြစ်မှာစိုးလို့ ကျွန်တော်တို့က ရှောင်ထွက်ခဲ့ကြရတယ် “ လို့ ဒီကနေ့ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတစ်ယောက် ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို RFA က ဒီကနေ့ ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တရားလို ကျော်မျိုးရွှေရဲ့ ရှေ့နေ ဖြစ်သူ ဦးဇော်ဝိတ်ကတော့ တရားခွင်မှာ ရှေ့နေ ဒေါ်ရွက်နုအောင်က တရားသူကြီးကို တင်ပြရာမှာ ဆရာတော် ဝီရသူဟာ ဝိနည်းသိက္ခာနဲ့ မညီတဲ့သူ၊ ရဟန်းနဲ့မတူတဲ့အကြောင်း ပြောသွားတဲ့အတွက် ဝီရသူနောက်လိုက်တွေက မကျေနပ်ကြလို့ နည်းနည်းလေး ဆူသွားတယ်လို့ ဆိုပါတယ်။

“ဆရာတော်နဲ့ပတ်သက်ပြီးတော့ ဝိနည်းသိက္ခာနဲ့မညီတာ၊ ရဟန်းမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးကိုပြောတဲ့အတွက် ဒီဆရာတော်ရဲ့တပည့် သံဃာတွေကလည်း ကြားနာနေတဲ့အချိန်မှာ အဲဒီအပေါ်မှာ မကျေနပ်ကြတာ။ ဆရာတော်က တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာတွေကလည်း ကိုးကွယ်ဆည်းကပ်ကြတယ်။ သူစာသင်ပေးထားတဲ့ ရဟန်းသံဃာတွေ ထောင်သောင်းချီပြီးရှိတယ်။ အဲလိုကိုးကွယ်နေတဲ့ဆရာကို စွပ်စွဲတဲ့ကိစ္စ အသေရေဖျက်မှု မမြောက်ဘူးဆိုပြီး ပြောသွားတဲ့ကိစ္စကို ရှေ့နေကို မကျေမနပ်ဖြစ်သွားလို့ နည်းနည်းလေး ဆူသွားတာပါ “ လို့ ပြောပါတယ်။

လျှောက်လဲချက် တင်ပြထားတာနဲ့ပတ်သက်ပြီး အမိန့်ချမယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org