Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း မက်ဆေးဆေးဆုရရှိ
အာရှတိုက်ရဲ့နိုဗယ်ဆုလို့ တင်စားခေါ်ဝေါ်တဲ့ ရာမွန်မက်ဆေးဆေးဆု ကို ဒီနှစ်အတွက် မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ချီးမြှင့်လိုက်ပါတယ်။
-
2019-08-02 -
-
-
Your browser doesn’t support HTML5 audio
အာရှတိုက်ရဲ့နိုဗယ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ကို ဒီနှစ်အတွက် နိုင်ငံပေါင်းငါးနိုင်ငံက လူပုဂ္ဂိုလ်ငါးယောက်ကို ချီးမြှင့်ဖို့ ရွေးချယ်လိုက်တဲ့အထဲမှာ မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဆွေဝင်းလည်း ရွေးချယ်ခံရပါတယ်။
“အဓိကကတော့ သတင်းစာပညာကနေတဆင့် လူ့လောကရဲ့ဒုက္ခသုခတွေ သက်သာရာရအောင်၊ လူမှုထူးချွန်ဆု ဆိုပြီးတော့ လူမှုရေးအရ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ နောက်တခါကျတော့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အတိုင်းအတာတခုအထိ ပြေလျော့အောင် ဒီသတင်းစာပညာနဲ့ ထမ်းဆောင်တယ်ဆိုပြီး၊ အဲဒီသဘောနဲ့ပေးတယ်လို့ ကျွန်တော့်ကို အကြောင်းကြားပါတယ်” လို့ ကိုဆွေဝင်းက RFA ကိုပြောပါတယ်။
“လူသားတယောက်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် အသိအမှတ် ပြုခံရတာကို ကျေနပ်ကြတယ်ပေါ့နော်၊ ဆိုတော့ အဲဒီသဘောမျိုးနဲ့လည်း ကျွန်တော်တို့ကျေနပ်ပါတယ်။ သို့ပေမယ့် တခြားတဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်း မျက်နှာပူစရာ ကောင်းတယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဒုက္ခသုခတွေလည်း များကြတယ်။ အဲဒီဒုက္ခသုခတွေနဲ့ ပတ်သက်လို့လည်း ကိုယ်နိုင်တဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီးတော့မှ လုပ်နေကြတဲ့သူတွေ တပုံကြီးပဲ။ မီဒီယာလောကထဲမှာလည်း တပုံကြီးပဲ။ နှစ်ရှည်လများ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ခဲ့ပြီးမှ အသိအမှတ် မပြုခံရတဲ့သူတွေ၊ ဒါတွေကလည်း တပုံကြီးပဲလေ။ ဆိုတဲ့အခါကျတော့ အဲဒီလိုအခြေအနေကို ကြည့်လိုက်တဲ့အခါကျတော့… ရွေးပြီးတော့မှ အသိအမှတ်ပြုခံရတာ မျက်နှာပူစရာတော့ ကောင်းတာပဲ။ အဲလိုပဲပြောချင်ပါတယ်”
ဒီနှစ်အတွက် ရွေးချယ်ခံရတဲ့ တခြားပုဂ္ဂိုလ်တွေကတော့ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဖြစ်ပါတယ်။
ကိုယ်လုပ်နိုင်တဲ့အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ခဲ့ပြီး အသိအမှတ် မပြုခံရသူတွေလည်း အများကြီးဆိုတော့၊ ရွေးပြီးတော့မှ အသိအမှတ်ပြုခံရတာ မျက်နှာပူစရာကောင်းတယ်
သတင်းစာဆရာကိုဆွေဝင်းဟာ စစ်အစိုးရခေတ်မှာ နှစ်ရှည်ထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်သလို ဧရာဝတီသတင်းဌာန၊ RFA မြန်မာပိုင်း သတင်းဌာနတွေနဲ့လည်း လက်တွဲ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနောင်းသတင်းဌာနရဲ့အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ကိုဆွေဝင်းဟာ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုဆီမှာ ကလေး အလုပ်သမားတစ်ယောက် ညှဉ်းပမ်းနှိပ်စက် ခံရတဲ့ဖြစ်ရပ်၊ အကျဉ်းထောင် အလုပ်ကြမ်းစခန်းတွေက အခြေအနေတွေ၊ မြန်မာနိုင်ငံက မြေယာသိမ်းဆည်းခံရတဲ့ ဖြစ်ရပ်တွေကို ဖော်ထုတ်ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက နှစ်စဉ်ချီးမြှင့်နေတဲ့ ရာမွန်မက်ဆေးဆေးဆုဟာ ဖိလစ်ပိုင်နိုင်ငံမှာ စံပြပုဂ္ဂိုလ်အဖြစ် လူထုလေးစားတဲ့ သမ္မတဟောင်း ရာမွန်မက်ဆေးဆေးကို ဂုဏ်ပြုပြီး သူကွယ်လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်ကစလို့ သူ့နာမည်နဲ့ နှစ်စဉ်ချီးမြှင့်နေတာပါ။
မြို့ပြနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာကဏ္ဍတွေမှာ လူ့အဖွဲ့အစည်း အကျိုးဖြစ်ထွန်းအောင် စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့သူတွေကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး၊ အာရှတိုက်ရဲ့နိုဗယ်ဆုလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
ဆုစတင်ချီးမြှင့်တဲ့ကာလကနေ အခုချိန်ထိ ၆၂ နှစ်အတွင်း မြန်မာနိုင်ငံက ပုဂ္ဂိုလ်ခြောက်ယောက် ဆုရရှိခဲ့ဖူးတဲ့အတွက် အခုကိုဆွေဝင်းနဲ့ဆိုရင် ခုနှစ်ဦးမြောက် ဆုရရှိတာဖြစ်ပါတယ်။
အရင်က ရာမွန်မက်ဆေးဆေးဆု ရရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကတော့ ၁၉၅၉ ခုနှစ်မှာ သတင်းစာဆရာဦးလောရုံ၊ ပရဟိတသမား ဒေါ်တီးတီး၊ ၂ဝဝ၂ ခုနှစ်မှာ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်၊ ၂ဝဝ၉ ခုနှစ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ကစောဝါး၊ ၂ဝ၁၃ ခုနှစ်မှာ ကချင်ပြည်နယ်က လူမှုရေးလှုပ်ရှားသူ လဖိုင်ဆိုင်းရော်၊ ၂ဝ၁၅ ခုနှစ်မှာ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူတို့ ဖြစ်ပါတယ်။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြသည်။)