Myanmar Now ဓာတ်ပုံသတင်းထောက် အလုပ်ကြမ်းနဲ့ ထောင် အနှစ်နှစ်ဆယ် ချခံရ

အင်းစိန်ထောင်တွင်း တရားရုံးမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ထောင်အနှစ်နှစ်ဆယ် ချမှတ်ခံရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။
အင်းစိန်ထောင်တွင်း တရားရုံးမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ထောင်အနှစ်နှစ်ဆယ် ချမှတ်ခံရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။ (Citizen Journalist)

Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စက်တင်ဘာလ ၆ ရက် ဒီကနေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်အနှစ်နှစ်ဆယ် ချမှတ်လိုက်တယ်လို့ Myanmar Now က ဖော်ပြပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းဘေးဒဏ် အခြေအနေတွေကို မှတ်တမ်းယူနေချိန် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က စစ်တွေမြို့မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။

Myanmar Now ရဲ့ ဖော်ပြချက်အရ ကိုစိုင်းဇော်သိုက်ကို စွပ်စွဲထောင်ချခဲ့တဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အသေးစိတ် မသိရပေမယ့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ တို့နဲ့ တရားစွဲဆိုခဲ့တာလို့ ဖော်ပြထားပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ဖမ်းဆီးခံရပြီးနောက် စစ်တွေနဲ့ ရန်ကုန်မြို့တွေက စစ်ကြောရေး စခန်းတွေမှာ တစ်ပတ် ကျော် စစ်ဆေးခံခဲ့ရပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှာ ရမန် (ချုပ်ရက်) တောင်းယူခဲ့ပြီး ဇွန်လအလယ်မှာပဲ အင်းစိန်ထောင်ကိုပို့ခဲ့တာလို့ Myanmar Now က ဆိုပါတယ်။

ဖမ်းဆီးခံရပြီး သုံးလအကြာ စက်တင်ဘာလ ၆ ရက် ဒီကနေ့ ပထမဆုံးရုံးချိန်းမှာပဲ အင်းစိန်ထောင်တွင်းစစ်ခုံရုံးက အမိန့်ချခဲ့တာဖြစ်ပြီး ဘယ်တရားခွင်မှာမှ စစ်ဆေးခဲ့တာမရှိသလို ခုခံချေပခွင့်နဲ့ ရှေ့နေခေါ်ခွင့်လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်တွေ ဖမ်းဆီးခံရတာ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိလာပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြေနီကုန်း ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ Myanmar Now သတင်းထောက် မကေဇွန်နွေး ဖမ်းဆီးခံရပါတယ်။

မကေဇွန်နွေးကတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံခဲ့ရပြီး လေးလကျော် အကြာမှာ ပြန်လွတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၀ ကျော် အဖမ်းခံခဲ့ ရပြီး အဲဒီအထဲက တစ်ရာကျော် ပြန်လွတ်ခဲ့ပေမယ့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်က တော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။