ရေပိုလွှဲကျိုးပေါက်မှု လူ ၇ ဦး ပျောက်ဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကြောင့် အနီးအနားဒေသတွင်း ရေကြီးခဲ့တဲ့အတွက် ဆွာမြို့နဲ့ ရေတာရှည်မြို့က ကျေးရွာ ၈၅ ရွာ ရေနစ်မြုပ်ပြီး လူ ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ရေတာရှည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်း ၁၆၅ မိုင်မှာရှိတဲ့ ဆွာချောင်းတံတားကို တွေ့ရစဉ် Photo: Thant Zin Oo/ RFA

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကြောင့် အနီးအနားဒေသ တွင်း ရေကြီးခဲ့တဲ့အတွက် ဆွာမြို့နဲ့ ရေတာရှည်မြို့က ကျေးရွာ ၈၅ ရွာ ရေနစ်မြုပ်ပြီး လူ ၇ ယောက် ပျောက် ဆုံးနေတယ် လို့ ရေတာရှည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဆည်ရေတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် လမ်းဖြတ်ကူးနေသူတွေ ရေစီးနဲ့မျောပါတာလို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ကျော် က ပြောပါတယ်။

"ဖြစ်စဉ်က မနက် ၄ နာရီ ၂၀ လောက်က ဆွာရေပိုလွှဲက ယက်မတွေ ကျိုးကုန်တယ် ပြောတာပဲ။ ရေတွေလွှတ်တယ်။ ၁၀ နာရီလောက်မှာ တို့ရေတာရှည်မြို့နယ်က ဆွာမြို့မက ရေမြုပ်သွားပြီ။ အခု ကယ်ဆယ်ရေးတွေကိုပဲ အဓိကထား လုပ်နေကြရတယ်လေ။ ၁၀ နာရီပတ်ဝန်းကျင် အနေထားအရတော့ လူအသေပျောက်က ၆ ဦးကတော့ ရေထဲပါသွားတယ်။ သူတို့ လမ်းကို ဖြတ်ကူးနေတဲ့အချိန်မှာ ရေကလှိုင်းလုံးနဲ့ ဝင်လာတဲ့အခါကျတော့ အဲဒီမှာ ပါသွားတာ လုံးဝကယ်လို့မရတော့ဘူး"

ဒီညနေပိုင်းမှာတော့ အမျိုးသမီးကြီးတစ်ယောက် ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးအခြေအနေကတော့ ဆည်ရေကို ထိန်းထားနိုင်ပြီဖြစ်ပေမယ့် မိုးထပ်ရွာမယ်ဆိုရင် ရေပြန်တက်လာ ပြီး ရေတာရှည်မြို့ပေါ်ကို ရေထပ်မံရောက်ရှိလာနိုင်ပြီး ရေကြီးနိုင်တယ်လို့ ပြောပါတယ်။ ဆွာဆည်ပေါက် ပြီး ရေကြီးတဲ့အတွက် အိမ်ထောင်စု ၆ သောင်းကျော်ဟာ ရေလွတ်တဲ့ တောင်ငူနဲ့ ရေတာရှည်ဘက်ကို အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။

ရေဖုံးလွှမ်းခဲ့တဲ့နေရာတွေဆိုရင် အိမ်ခေါင်တွေ မြုပ်တဲ့အထိ ရေထုထည်မြင့်မားတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော် လမ်းအပိုင်းတွေမှာလည်း လမ်းမတွေပေါ်မှာ ရေကျော်သွား တာကြောင့် ယာယီလမ်းပိတ်ခဲ့ရပြီး လက်ရှိမှာတော့ ယာဉ်ငယ်တွေကို ဖြတ်သန်းခွင့်ပေးထားတယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နေရာတဝိုက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်မယ့် သက်ဆိုင်ရာအဖဲ့ွအစည်းတွေ ရောက်ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org