ရွေးကောက်ပွဲသာ တခုတည်းသောလမ်းကြောင်းဟု ဒေါ်အောင်ဆန်းစုကြည်လက်မခံ

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ စစ်အစိုးရ တဖက်သတ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကသာ တခုတည်းသော လမ်းကြောင်းဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ပြောဆိုလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP) AFP

“ဘာကြောင့်လဲဆိုတော့၊ မြန်မာနိုင်ငံမှာ ၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ လုပ်တယ်။ NLD အပြတ်အသတ် နိုင်တယ်။ အစိုးရက မကြိုက်ဖူး။ မကြိုက်တော့ အသိအမှတ်မပြုဘူး။ အဲဒီတော့ ကိုယ်မကြိုက်ရင် အသိအမှတ်မပြုဘူး၊ ကိုယ်ကြိုက်တဲ့ ရွေးကောက်ပွဲ အခုလုပ်မှာ။ အဲဒီ ကိုယ်ကြိုက်မယ့် ရွေးကောက်ပွဲက ဘယ်လိုလုပ် ဒီမိုကရေစီ ရောက်မှာလဲတဲ့။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ဆိုရင်တဲ့ အစိုးရကို ပြည်သူ့လွှတ်တော်က ဖွဲ့ရမှာ မဟုတ်ဖူး။ တပ်မတော်၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လုံခြုံရေးကောင်စီက ဖွဲ့ပြီးတော့ ပြည်သူ့လွှတ်တော် အတည်ပြုပေးရမှာ။ အဲဒီတော့ ဒီလို ရွေးကောက်ပွဲကို ဒီမိုကရေစီ လမ်းကြောင်းက သွားရမယ့်လမ်းလို့ ပြောတာကို သူလက်မခံနိုင်ကြောင်း ပြောပါတယ်။”

လာမဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ တရားရုံးချုပ် က လက်ခံကြားနာမဲ့ ဒေါ်အောင်စုကြည်အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ထားတာကို ပြင်ဆင်ချက်အတွက် ရှေ့နေတွေက သွားရောက ်တွေ့ဆုံခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောတာ ဖြစ်ပါတယ်။

ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org