မဲပေးခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် တားမြစ်ထား

စစ်အစိုးရက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် တရားဝင် တားမြစ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ဖမ်းဆီးထားသည့် အင်းယားလမ်းရှိ နေအိမ်နှင့် ကန်စပ်မှ အစောင့် ကင်းတဲကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

စက်တင်ဘာ ၂၀ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က မြို့နယ်အတွင်း မဲပေးခွင့်သူများစာရင်း ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ရဲ့ အမည်ကိုလည်း ချန်ထားတယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးခွင့်ရ ခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲအတွက် မဲပေးခွင့် တားမြစ်ခံရတာဟာ မကြာခင်က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကြောင့် ဖြစ်နိုင်တယ်လို့ NLD ပါတီ ပြောခွင့်ရသူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါက ဥပဒေအရ သူတို့ ချန်ထားတာပဲလေ၊ ဥပဒေအရ အပြစ်ဒဏ် ကျခံနေရတဲ့လူတွေက မဲပေးခွင့် မရှိဘူး။ ဒီက ဥပဒေအရ။ အဲဒါအရ ကျန်နေတာလို့ပဲ ကျွန်တော် အဲလို မှတ်ယူပါတယ်။”

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြီးခဲ့တဲ့အပတ်က ကြေညာချက်မှာ မဲပေးခွင့်ရှိသူများ စာရင်းမှာ အမည်မပါသူများအတွက် မဲပေးလိုရင် ကော်မရှင်ကို မဲဆန္ဒရှင်စာရင်း ကြေညာအပြီး တပတ်အတွင်း သီးသန့် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org