ယူနီယံ ရွေးကောက်ပွဲတွေ ကို ကျောင်းသားများသမဂ္ဂ ကန့်ကွက်
တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီး မှာကျင်းပမယ့် တက္ကသိုလ်ကျောင်းသား ယူနီယံ ရွေးကောက်ပွဲတွေကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
-
2014-12-29 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီးမှာကျင်းပမယ့် တက္ကသိုလ်ကျောင်းသားယူနီယံ ရွေးကောက်ပွဲတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ တက္ကသိုလ်ကျောင်းသားယူနီယံ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်ပါမောက္ခချုပ်တွေနဲ့ ဌာနမှူးတွေက ကျောင်းသားယူနီယံ ရွေးကောက်ပွဲ နည်းလမ်းတွေရေး ဆွဲနေပြီး ကျောင်းသားတွေနဲ့ ညှိနှိုင်းတာမရှိတဲ့အတွက် အဲဒီရွေးကောက်ပွဲတွေကို ကန့်ကွက်တာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုနန်းလင်းက ပြောပါတယ်။
"အခုဖွဲ့မယ့် ကျောင်းသားယူနီယံပေ့ါနော်၊ ကျောင်းသားတွေဖွဲ့တဲ့အခါမှာ ဘေးနားကနေပြီးတော့ ကူညီပံ့ပိုး သူနေရာမှာပဲ နေရမှာဖြစ်တယ်၊ ဒါပေမဲ့ အခုလုပ်နေတဲ့ပုံစံက သူတို့ကိုယ်တိုင်ဝင်ပြီးတော့ ဦးစီးချုပ် ကိုင်ပြီးတော့ ကျောင်းသားအဖွဲ့တွေ ဖွဲ့ဖို့လုပ်နေတာ တွေ့ရတယ်၊ ပါချုပ်နဲ့ ဌာနမှူးတွေကပဲ ရွေးကောက်ပွဲ နည်းလမ်းတွေ ဆွဲတယ်၊ ရွေးကောက်ပွဲကော်မရှင်မရှိဘူး၊ ကျောင်းသားတွေရဲ့ဆန္ဒကို ငြင်းပယ်တယ် ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်၊ သူတို့လိုချင်တဲ့ ရွေးကောက်ပွဲပုံစံပဲလုပ်လာတယ်၊ ဒါကြောင့် ဒီအချက်တွေကို လက်မခံဘူးပေါ့"
နိုဝင်ဘာလ ၂၇ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက္ကသိုလ်တွေမှာ ကျောင်းသားယူနီယံတွေဖဲ့ွစည်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် အခုလိုကျောင်းသားယူနီယံ ရွေးကောက်ပွဲတွေကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်မှာ ကျောင်းသားယူနီယံရွေးကောက်ပွဲကို မနက်ဖြန်ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သန်လျင်တက္ကသိုလ်မှာ ကျင်းပမှာဖြစ်ပါတယ်။
ကျောင်းသားမဂ္ဂတွေ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ် RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။