သမဂ္ဂတည်ဆောက်ရေး အစိုးရ ဦးဆောင်မှာ မဟုတ်

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်တော့မှာ မဟုတ်တော့ဘဲ ပါဝင်ပတ်သက်ခဲ့တဲ့ ကျောင်သားမျိုးဆက်တွေ သာ ဦးဆောင်ပြီး ဆောင်ရွက်ဖို့ မနေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာကျင်းပတဲ့ သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က သဘောထားပေး လိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကို တွေ့ရစဉ်

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်တော့မှာ မဟုတ်တော့ဘဲ ပါဝင်ပတ်သက်ခဲ့တဲ့ ကျောင်သားမျိုးဆက်တွေသာ ဦးဆောင်ပြီး ဆောင်ရွက်ဖို့ မနေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာကျင်းပတဲ့ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က သဘောထားပေးလိုက်ပါတယ်။

အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီတဲ့အနေနဲ့သာ ပါဝင်ပတ်သက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကပြောပါ တယ်။

"အရင်တုန်းကပြောခဲ့ဘူးတဲ့အစိုးရက ဦးဆောင်ပြီးလုပ်မယ်ဆိုတဲ့ကိစ္စမျိုးတွေ၊ နောက်ပြီး အစိုးရကနေ ပုံတွေ ဘာတွေဆွဲတယ်ဆိုတာမျိုးတွေ၊ ဘတ်ဂျတ်ထုတ်ပေးမယ်ဆိုတာတွေ ဒါတွေအကုန်လုံးကို အစိုးရ ဘက်က cancel လုပ်လိုက်ပြီပေါ့နော်။ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံး ကိုယ့်ဘာသူတိုင် ပင်ဆွေးနွေးပြီး ၁ ကနေ ပြန်စပြီး လုပ်ကြပါဆိုတဲ့ message မျိုး အစိုးရဘက်က ပေးတယ်။ ဒေါ် စန္ဒာမင်း ကိုယ်စားလှယ်ကနေ တဆင့်ပြောတာပေါ့နော်။ မစန္ဒာမင်းက အဲ့ကိစ္စကို ကျန်တဲ့သူတွေကို ချပြခဲ့တာပေါ့"

မနေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ်၊ ၁၉၇၄ ခုနှစ် နဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားမျိုးဆက်တွေ၊ ဗကသနဲ့ တကသ ကျောင်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားရေးအဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို အဖွဲ့ဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောင်းသားမျိုးဆက်တွေဖြစ်တဲ့ ဦးမြအေး၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူတို့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး တို့ပါဝင် ဖွဲ့စည်းထားကြောင်းနဲ့ အဖွဲ့အနေနဲ့ သမဂ္ဂအဆောက်အအုံနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ဆောင်ရွက်တဲ့အခါ ပါဝင်ထိုက်သူတွေကို ဖိတ်ကြားဖို့ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့်သြဂုတ်လ ၂၀ ရက်နေ့မှာ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသအဆောက်အအုံဆိုင် ရာ ဆွေးနွေးပွဲ ဖိတ်ကြားရေးအဖွဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org