ဆန္ဒပြသပိတ်မှာပါဝင်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်သုံးဦး အလုပ်နဲ့ ထောင်သုံးနှစ်ချခံရ
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှာပါဝင်ရင်း ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ဖမ်းဆီးခံလိုက်ရတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်သုံးဦးကို ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချလိုက်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
-
RFA Burmese
2022-12-17 -
-
-
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှာပါဝင်ရင်း ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ဖမ်းဆီးခံ လိုက်ရတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်သုံးဦးကို ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချလိုက်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ထောင်ဒဏ်ကျခံရသူတွေဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဌာနမှူး ဒေါ်ခိုင်သဉ္ဇာအေး၊ Glory Fashion အခြေခံ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်ဟောင်း ဒေါ်အိဖြူဖြူမြင့်နဲ့ ယာဉ်မောင်း ကိုဉာဏ်စိန်တို့ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အဖမ်းခံရပြီးတော့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရတာ။ ဒီပြစ်ဒဏ်က အမြင့်ဆုံး ပြစ်ဒဏ်ပဲ။ အလုပ်ကြမ်းလည်း ပါတယ်ဆိုတော့ အယူခံဝင်ဖို့စီစဉ်နေတယ်။ ဒီလို အမိန့်ချတာတော့ တရားမျှတမှုမရှိပါဘူး။ တိုင်းအယူခံတက်မယ်။ နေပြည်တော်အထိ အယူခံတက်မယ်လို့ သိရပါတယ်”
သူတို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ (၃၁) ဂိတ်အနီးမှာ တခြားသော ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၃,၀၈၃ ဦးရှိပြီး အဲဒီအထဲမှာ ထောင်ချခံထားရသူ ၁၇၁၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။