လေပြင်းတိုက်ခတ်မှုကြောင့် ကလေးမြို့မှာ နေအိမ်တွေ ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မနေ့ကတိုက်ခိုက်ခဲ့ တဲ့ လေပြင်းကြောင့် နေအိမ် ၁၄ လုံးလောက် ပြိုကျပျက်စီးပြီး အိမ်ခြေ ၁၀၀ လောက် အမိုးလန်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ လေပြင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်အချို့ ကို တွေ့ရစဉ် Photo: ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မနေ့က တိုက်ခိုက်ခဲ့တဲ့ လေပြင်းကြောင့် နေအိမ် ၁၄ လုံးလောက် ပြိုကျပျက်စီးပြီး အိမ်ခြေ ၁၀၀ လောက် အမိုးလန်သွားတယ်လို့ သိရပါတယ်။

ပြိုကျပျက်စီးသွားတဲ့ အိမ်တွေကို ငွေကျပ် ၅ သောင်းနဲ့ သွပ် ၁၀ ချပ်စီ ထောက်ပံ့ပေးထားတယ်လို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

"အများကြီးတော့လည်း ပျက်စီးတာမရှိပါဘူး။ လေလေးနည်းနည်းကြမ်းတယ်။ မိုးမှောင်လာပြီးမှ လေလေးနည်းနည်းကြမ်း လာတာပေါ့။ လေကြမ်းလာပြီး မိုးနည်းနည်းရွာလိုက်တော့ ပြီးသွားတာပေါ့။ ၂ နာရီခွဲလောက်မှာ ငြိမ်သွားတယ်။ အိမ်အမိုးလန်တာတွေ နည်းနည်းများတယ်ပေါ့။ များတယ်ဆိုပေမယ့် အိမ်လဲတာက လဲတယ် ဆိုတာလည်း ၃ ပင် ၂ ခန်းတဲလေးတွေပေါ့။ အိမ်ကြီး ၊ သစ်သားအိမ်တွေ လဲတာမဟုတ်ပါဘူး။ လန်တာလောက်တော့ ကိုယ့်ဘာသာကောက်ကက်လုပ်လိုက်လည်း အဆင်ပြေပါတယ်။ အိမ်လဲသွားတာကိုတော့ ကျနော်တို့ ငွေ ၅ သောင်းနဲ့ သွပ် ၁၀ ချပ် ထောက်ပံ့ပေးထားပါတယ်။ "

လေပြင်းကြောင့် ကလေးမြို့နယ် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာနံရံ ပြိုကျခဲ့တယ်လို့လည်း သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေလဲတာ၊ လျှပ်စစ်ဓာတ်တိုင်တွေလဲတာတွေ ရှိခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး လေပြင်းတွေတိုက်ခိုက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org