သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ တောင်းဆို

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေးအတွက် မန္တလေးမြို့မှာ ရှိတဲ့ သတင်းထောက် စုစုပေါင်း အယောက် (၅၀) ကျော်ဟာ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ် အနက်ရောင်တွေကို ဝတ်ပြီး လူစည်ကားတဲ့နေရာတွေမှာ ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ပါတယ်။

အဓိက အနေနဲ့ စာပေစိစစ်ရေး လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ ပါဝင်သူတဦး ဖြစ်တဲ့ အထက်မြန်မာပြည် သတင်းထောက်များ ကွန်ယက်တာဝန်ခံ ကိုစန်းယုကျော်က ပြောပါတယ်။

သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပိတ်ပင်ခံထားရတဲ့ The Voice နဲ့ Envoy ဂျာနယ် နှစ်စောင်ကို ပြန်လည် ထုတ်ဝေခွင့်ပြုဖို့ မနေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေ ပြုလုပ်တဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုမှာ မန္တလေး သတင်းထောက် ၅၀ ကျော်ရဲ့လက်မှတ်တွေကို ပေးပို့ခဲ့တယ်လို့ ကိုစန်းယုကျော်က ပြောပါတယ်။

ဒီကနေ့ ထုတ်ဝေတဲ့ အပတ်စဉ်ထုတ် The Nation သတင်းဂျာနယ်မှာ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားတဲ့ သတင်းလွတ်လပ်ခွင့် ရရှိရေး တောင်းဆို လှုပ်ရှားတဲ့ သတင်းဓာတ်ပုံကို စာပေစိစစ်ရေးက ပယ်ချခဲ့တဲ့အပြင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်းကို ရာထူးက ဖယ်ရှားလိုက်တဲ့ သတင်းကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org