မလိခမြစ်ဘေး ရွှေတူးဖော်မှု ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ တောင်းဆို
စက်ယန္တရားတွေနဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို အရင်က ကန့်ကွက်တာတွေလုပ်ခဲ့ပေမယ့် လုပ်ငန်းဆက်လက် လုပ်ကိုင်နေတာကြောင့် တတိယအကြိမ် ကန့်ကွက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2023-02-22 -
-
-
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လန်းဒေါင်ရွာအနီး မလိခမြစ်ဘေးမှာတည်ရှိတဲ့ ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင်နေရာ အင်ဒွမ်လတပ် (N’dum Latep) ဒေသက တရားမဝင် ရွှေတူးဖော်မှုတွေကို ရပ်တန့်ပေးဖို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သွားရောက်ကန့်ကွက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စက်ယန္တရားတွေနဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို အရင်က ကန့်ကွက်တာတွေလုပ်ခဲ့ပေမယ့် လုပ်ငန်းဆက်လက် လုပ်ကိုင်နေတာကြောင့် အခု တတိယအကြိမ် သွားရောက်ကန့်ကွက်ရ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒေသမှာ အာဏာသိမ်းပြီးမှ တူးလာတာ။ ကျနော်တို့ ရိုးရာအဖွဲ့တွေနဲ့ဒေသခံတွေ အယောက် ၈၀ လောက်သွားပြီး ရပ်ဆိုင်းပေးဖို့ သွားသတိပေးထားတယ်။ အခု တစ်ခေါက်သွားတာနဲ့ဆို သုံးကြိမ် သွားပြောပြီးပြီ။ မလိခမြစ်ရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း နှစ်ဖက်စလုံးမှာ တော်တော် တူးဖော်နေကြတာ။ ဆက်ပြီးတူးနေမယ် ဆိုရင် နောက်တစ်ခေါက်ပြန်သွားမယ်။ ကျနော်တို့လည်း အမြဲတမ်းစောင့်ကြည့်နေ တယ်။ ဥပဒေအရလည်း လုပ်ဆောင်သွားမယ်”
အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကတည်းက စတင်လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိမှာ မြေဧက ၁၀၀ ကျော်ကို တူးဖော်ဖျက်ဆီး လိုက်ပြီလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်မှာ သတ္တုတူးဖော်ခွင့်နဲ့ ပတ်သက်လို့ တရားဝင်ခွင့်ပြုထားတာ မရှိသလို တူးဖော်မှုတွေ ရှိနေခဲ့ရင် လည်း မရားမဝင် တူးဖော်မှုတွေသာ ဖြစ်လိမ့်မယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက RFA ကို ဖြေဆိုထားပါတယ်။
အခု သမိုင်းဝင်နေရာမှာ ရွှေတူးဖော်မှုကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက စစ်ကောင်စီ နဲ့ ကချင်လွှတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်လုံးကို အကြောင်းကြားစာပေးပို့ထားပေမယ့် ဒီနေ့ထိ ထူးခြားမှုမရှိ သေးဘူးလို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပူတာအိုဒေသအပါအဝင် ချင်ပြည်နယ်က ရွှေထွက်တဲ့ဒေသ တွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အရင်ထက်ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။