တနိုင်ငံလုံးမှာ တိုက်ပွဲတွေရပ်ပေးဖို့ တောင်းဆို

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည် နယ် အပါအဝင် တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ၂၁ရာစု ပင်လုံညီလာ ခံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေးကော် မတီ(ယာယီ) က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။

စစ်ပွဲတွေရပ်ပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ အောက်တိုဘာလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် Photo: Kyaw Myo Min/RFA

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) က မနေ့က ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေလုပ်နေပေမယ့် တဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တပ်မတော်ဘက် ကရော တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဘက်ကပါ တပြိုင်နက်တည်း စစ်ပွဲတွေရပ်တန့်ပေးဖို့ တောင်းဆို ရတာဖြစ်တယ်လို့ ၂၁ ရာစုပင်လုံ ညီလာခံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) အဖွဲ့ဝင် ကိုသွင်လင်းအောင် က ပြောပါတယ်။

"တောင်းဆိုချက်ကတော့ အဓိကက အဲဒီလက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကလေးတွေ သေသွားတဲ့ကိစ္စလေ၊ ဒီတဖက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေလုပ်နေပြီး တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့၊ ကျနော်တို့ အဓိကတော့ အဲဒီ တိုက်ပွဲတွေ တစ်ပြိုင်နက်တည်းပေါ့နော်၊ အစိုးရစစ်တပ်ရော၊ လက်နက် ကိုင်တပ်တွေရော အကုန်လုံးကနေပြီးတော့မှရပ်ဖို့၊ ဒါပေမဲ့ အဲဒါရပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့တော့ အစိုးရစစ်တပ်ရဲ့ ထိုးစစ်တွေ လျှော့ရမှာပေါ့၊ ဆိုတော့ ကျတော်က အဲဒါကို ပထမတစ်ချက်အနေ နဲ့တောင်းတာပါ"

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားရာမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ၊ ငွေကြေးကုန်ကျမှုတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေများလာတာနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးဖို့၊ နောက်တကြိမ် ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာနိုင်အောင် တပ်မတော်ဘက်က သဘောထားကြီးကြီးထားပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အရပ်ဘက်အဖွဲ့တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေပါဝင်မှုကို အခုထက်ပိုပြီး တိုးမြှင့်ပေးဖို့လည်း အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်း ဆိုထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးနောက်ပိုင်းမှာ ကချင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တွေ မှာ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာ ဖြစ်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပါ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org