StarLink စက် ၁၉ လုံးနဲ့အတူ မြန်မာနိုင်ငံသား ဆယ်ဦး ထိုင်းမှာ အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံကိုပို့မဲ့ StarLink အင်တာနက်စက် ၁၉ လုံးနဲ့ မြန်မာ ဆယ်ဦးကို ဖမ်းမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ဩဂုတ် ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံပို့မည့် Starlink အင်တာနက်စက်များနှင့်အတူ မြန်မာနိုင်ငံသား ဆယ်ဦးကို ဖမ်းမိခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် သတင်းစာရှင်းလင်းနေစဉ်။ khaosod.co.th

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံကိုပို့မဲ့ StarLink အင်တာနက်စက် ၁၉ လုံးနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသား ဆယ်ဦးကို ဖမ်းမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ဩဂုတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါ တယ်။

မြန်မာနိုင်ငံကိုပို့မဲ့ ပါဆယ်ထုပ်တစ်ခုထဲမှာ StarLink ဆယ်လုံးကို သိမ်းဆည်းရမိပြီးနောက် နောက်ဆက်တွဲ စုံစမ်းရာမှာ လူငယ်နှစ်ဦးကို StarLink ကိုးလုံးနဲ့ ထပ်မိတာ ဖြစ်ပါတယ်။ အဲဒီ StarLink စက်တွေကို ဘန်ကောက်မြို့ ကနေ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုနဲ့ မဲဆောက်မြို့ကို ပို့လာချိန်မှာ သတင်းပေးချက် အရ မဲဆောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရတဲ့သူတွေဟာ အသက် ၂၇ နှစ်အရွယ်တွေဖြစ်တဲ့ ကိုဟိန်းထက်အောင်နဲ့ ကိုဘုန်းမြင့်ကျော်တို့ ဖြစ်ပါ တယ်။ အဲဒီအမှုနဲ့ ဆက်စပ်ပြီး နောက်ထပ်နေရာတစ်ခုကို ထပ်မံရှာဖွေတဲ့အခါမှာ တရားမဝင်အလုပ်လုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို ထပ်မံရှာဖွေဖမ်းမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်သွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတွေနဲ့ ငြိစွန်းနေပြီး ဖမ်းမိထားတဲ့လူတွေကို ဆက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အခုဖမ်းမိတဲ့ Starlink စက်တွေဟာ ရာဇတ်ဝတ်မှုကျူးလွန်တဲ့အဖွဲ့တွေနဲ့ အွန်လိုင်းလောင်းကစား လုပ်တဲ့နေရာတွေကို ပို့ဆောင်ဖို့လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုနှစ် ဇွန်လကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာနိုင်ငံထဲကို ပို့မဲ့ StarLink အင်တာနက်စက် (၅၈) ခု ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီစက်တွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အသုံးပြုဖို့အတွက်လို့ ထိုင်းနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org