RCSS တပ်ဖွဲ့က မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေကြောင်း SSPP ထုတ်ပြန်

SSPP/SSA နဲ့ RCSS/SSA တို့အကြား အပစ်ရပ်ရေး ကြေညာထားပြီးနောက်ပိုင်း RCSS တပ်ဖွဲ့က SSPP တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ခြုံခိုတိုက်ခိုက်တွေ အကြိမ်ကြိမ်ပြုလုပ်လာတယ်လို့ SSPP က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။ SSPP Info

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား အပစ်ရပ်ရေး ကြေညာထားပြီးနောက်ပိုင်း RCSS တပ်ဖွဲ့က SSPP တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ခြုံခိုတိုက်ခိုက်တွေ အကြိမ်ကြိမ်ပြုလုပ်လာတယ်လို့ SSPP က မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေလ ၂၈ ရက် မနေ့ကတော့ SSPP ယာဉ်တန်းကို RCSS တပ်ဖွဲ့ဝင်တွေက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နောင်ဟေးရွာနဲ့ မယ်ဇလီရွာကြားမှာ မိုင်းဆွဲတိုက်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမဲ့ ယာဉ်အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတစ်ကြိမ် အပါအဝင် မေလအတွင်းမှာ မိုင်းဆွဲတိုက်ခိုက်တာ ခြောက်ကြိမ်နဲ့ မတ်လအတွင်း တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး မတ်လအတွင်းပြုလုပ်ခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ SSPP တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ SSPP ဘက်က ဖော်ပြပါတယ်။

ဒါပေမဲ့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ညီညွတ်ရေးကိုရှေးရှုပြီး SSPP ဘက်က တုံ့ပြန်တိုက်ခိုက်တာတွေ ပြန်မလုပ်သလို ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း RCSS တပ်ဖွဲ့ ဗဟိုဆက်ဆံရေး တာဝန်ရှိသူတွေကို စာပေးပို့ အကြောင်းကြားထားတယ်လို့ SSPP ဘက်က ပြောပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RCSS ရဲ့ သဘောထားကိုသိနိုင်ဖို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးနဲ့ ဗိုလ်မှူး ခမ်းစံတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RCSS တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး SSPP တပ်ဖွဲ့ကတော့ NCA မှာ လက်မှတ်ရေးထိုးထားတာ မရှိသေးပါဘူး။

၂၀၁၅ ခုနှစ် နောက်ပိုင်းကစလို့ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ SSPPနဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲတွေ နှစ်စဉ်ဖြစ်ခဲ့ပြီး ၂၀၂၃ နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ အပစ်ရပ်လက်မှတ် ရေးထိုးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org