၀မ်ဟိုင်းဌာနချုပ်အနီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်


2015.11.24
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်က မိုင်းအပ်နဲ့ နာပန်းကျေးရွာတဝိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့ကစပြီး မနေ့ကအထိ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဝမ်ဟိုင်းဌာနချုပ်နဲ့ ၆မိုင်အကွာလောက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ SSPP/SSA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ စိုင်းဘုန်းဟန်က ပြောပါတယ်။

"၂၁ ရက်နေ့ စပြီးတော့ လက်နက်ကြီးထုတယ်၊ ၂၂ ရက်နေ့ကျတော့ တိုက်ပွဲတွေပြန်ဖြစ်တယ်၊ ၁၂ ခွဲလောက်ကနေစပြီးတော့ ကျနော်တို့တပ်မတော်ကနေ ထိုးစစ်ပြန်ပြီးတော့ ဆင်တဲ့သဘောပါ၊ ဒါကတော့ ကျနော်တို့ဌာနချုပ်နဲ့ တောင်ဘက် ၆ မိုင်၊ ၇ မိုင်လောက်ပဲကွာတယ်၊ တိုက်ပွဲကတော်တော်လေးဖြစ် ထားပါတယ်"

SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့ကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရ တဲ့ ဒေသခံ တစ်သောင်းဝန်းကျင်လောက် ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ကျေးသီးမြို့နယ်က ဝမ့်ဝဒုက္ခသည်စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော်ရောက်ရှိနေပြီး ဒုက္ခသည်သုံးရာလောက်က ဝမ်းပျက် ဝမ်းလျောရောဂါတွေဖြစ်နေတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲက ဒုက္ခသည် ၁၅၀၀ လောက်ဟာ မိုင်းရှူးမြို့နယ်က ဟိုက်ပါဒုက္ခသည်စခန်းမှာ ရောက်ရှိနေပြီး အဲဒီစခန်းဟာ တိုက်ပွဲဖြစ်ပွားနေတဲ့အနီးအနားမှာ ရှိနေတာကြောင့် အကူအညီပေးမယ့်သူတွေ မရှိဘူးလို့လည်း သိရပါတယ်။

တိုက်ပွဲတွေရပ်တန့်ရေးနဲ့စစ်ဘေးဒုက္ခသည်အခြေအနေတွေကို ဆွေးနွေးဖို့အတွက် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ SSPP/SSA ခေါင်းဆောင်တချို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဝမ့်ဝဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ဝမ်းရောဂါဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။