နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်း အပယ်ခံရ
စစ်အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ ဟောပြောမဲ့ မဲဆွယ် မိန့်ခွန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေရာမှာ ဦးသိန်းဌေး ဦးဆောင်တဲ့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရော ၊ ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေ အပယ်ချခံရတယ်လို့ သိရပါတယ်။
-
2010-09-24 -
-
-
UDP ပါတီရဲ့ မဲဆွယ်မိန့်ခွန်းကို နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ခဲ့ရာမှာ အဲဒီ တနေ့တည်းမှာပဲ ချက်ချင်း အပယ်ချ ခံခဲ့ရတယ်လို့ UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက RFA ကို ပြောပါတယ်။
“ဟို ကျွန်တော်တို့ ဒီ ပါတီက CEC ဦးကိုကိုကြီးက မနေ့က သွားပါတယ်။ နေပြည်တော်ကို သွားတယ်။ အဲဒါ သွားတင်တယ်။ တင်တဲ့အခါမှာလည်း ကျွန်တော်တို့ ပါတီ ဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ထားလဲ ဆိုတော့ ဒီ ကျွန်တော်တို့ တင်တဲ့ အချက်ပေါ်မှာ ကျွန်တော်တို့ ပြောတဲ့ အချက်ကို တချက်ချင်း တချက်ချင်းပေါ်မှာလည်း သူတို့က စိစစ်ရေး လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က နောက်ထပ် ထပ်မတင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တခု ချထားပါတယ်။ ဘယ်အချက်ပဲ ဖြတ်နေဖြတ်နေပေါ့၊ တခုလုံးကိုပဲ ဖြတ်ဖြတ်၊ တခုနှစ်ခုပဲ ဖြတ်ဖြတ် ဖြတ်နေပါစေ ကျွန်တော်တို့က ထပ်ပြီး လိုက်ပါဆောင်ရွက်မှု မလုပ်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချထားပါတယ်။”
UDP လိုပဲ ဦးအေးလွင်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ပါတီ ၂ ခုရဲ့ မဲဆွယ် မိန့်ခွန်းတွေလည်း ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့တဲ့ တရက်တည်းမှာ အပယ်ချခံခဲ့ရတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
“ကျွန်တော်တို့ ၈၈ မျိုးဆက်က တပါတီ စနစ်ကို မလိုလားဘူး၊ ပါတီစုံစနစ်ကို မဖြစ်မနေ သွားမယ်ဗျာ။ နောက်တပါတီချည်းပဲ ပြန်သွားမယ်ဆိုရင် လက်မခံဘူးဗျာ။ ဒါကတော့ ကျွန်တော်တို့ ပါတယ်။ ဒီစကားက နာရမဲ့လူ တယောက်မှ မရှိပါဘူး။ တပ်မတော် ကိစ္စကတော့ ခေတ်မီတဲ့ မဟာဗျူဟာကျတဲ့ ကာကွယ်ရေးစနစ် ထူထောင်ဖို့ လိုအပ်တယ်၊ ဒါမျိုးကတော့ ပါတယ်လေ။ တပ်မတော်ကို ပြုပြင်ပြောင်းလဲမယ်လို့ တလုံးမှ မသုံးဘူး။ အဲဒါပဲ ပါတယ်လေ။ ဒါကတော့ အစိုးရတရပ်က လုပ်ကို လုပ်ရမဲ့ ကိစ္စလေ။”
“အခု မကြိုက်တာက ဘယ်ဟာမှန်းလဲ မသိဘူးဗျ။ ဘယ်ပါတီလာရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ မူရှိချင်ရှိမယ်ဗျာ။ တယောက်ယောက်က ဒါမှမဟုတ်ရင် ဩဇာနဲ့ ညွှန်ကြားတာလည်း ရှိချင်ရှိမယ်ဗျာ။ အဲဒီတော့ ကျွန်တော်တို့က ပထမ တင်လိုက်တဲ့ စာမူက ဒါ၊ ဒုတိယ တင်လိုက်တဲ့ စာမူက ဒါ ဆိုတာတော့ ကျွန်တော်တို့က ဖြန့်ချရမှာပဲလေ။”
ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၈/၂၀၁၀) ပါ တားမြစ်ချက်တွေနဲ့ ငြိစွန်းပြီး ရေးသားထားတာကြောင့် ငြင်းပယ်ရတာဖြစ်ကြောင်း စာနဲ့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။