AA နဲ့စစ်ကောင်စီကြား အပစ်ရပ်ပြီးနောက် ရခိုင်က ပိတ်ထားတဲ့လမ်းတချို့ပြန်ဖွင့်
ရခိုင်ပြည်နယ်က ရေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ရွှေပြည်တန်အမြန်ရေကြောင်းက စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ပြေးဆွဲနေတဲ့ လိုင်းတွေကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်ကစပြီး ပြန်လည်ပြေးဆွဲတော့မယ်လို့ ကြေညာထားပါတယ်။
-
RFA Burmese
2022-11-27 -
-
-
ရခိုင်ပြည်နယ်က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ လမ်းတွေ၊ ရန်ကုန်-စစ်တွေကားလမ်းမ၊ စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးသွားလမ်းတွေ ဒီရက်ပိုင်းထဲ ပြန်ဖွင့်မယ်လို့ ယာဉ်လိုင်းတချို့ကအသိပေးထားကြောင်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင်တပ်တော် AA နဲ့ စစ်ကောင်စီအကြားနိုဝင်ဘာလ ၂၆ ရက်နေ့က အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် အခုလိုပြန်ဖွင့်ဖို့ ဖြစ်လာတာလို့ ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“တိုက်ပွဲနဲ့စပ်ဆက်ပြီး ပြည်သူတွေရဲ့လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ထားတဲ့သဘောဖြစ်တယ်။ မဆီမဆိုင်ပြည်သူလူထုက ကုန်ဈေးနှုန်းကြီးမြင့်တာ၊ တခြားကျန်းမာရေးကိစ္စတွေမှာ အခက်အခဲတွေ ကြုံရတာပေါ့။ ဒါကြီးကို နိုင်ငံရေးအရ အသုံးချတဲ့ ပုံစံမျိုးလိုရင်လိုသလို လုပ်မယ်ဆိုတာကတော့ သိပ်အဆင်မပြေဘူး။ ဒီနေ့ဖွင့်ပေးပြီးမှ မနက်ဖြန်မပိတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အဲ့ဒီလိုမျိုးပြည်သူလူထုဆီမှာတော့ စိုးရိမ်မှုတော့ရှိနေကြတယ်ခင်ဗျ။”
ရခိုင်ပြည်နယ်က ရေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ရွှေပြည်တန်အမြန်ရေကြောင်းက စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ပြေးဆွဲနေတဲ့ လိုင်းတွေကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်ကစပြီး ပြန်လည်ပြေးဆွဲတော့မယ်လို့ ကြေညာထားပါတယ်။
ဒီလိုင်းတွေကို ပိတ်ထားတာ နှစ်လကျော်ရှိနေပြီလို့ ရခိုင်ကဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာတွေ ကူညီပေးနိုင်ဖို့အတွက် ကြားဝင်စေ့စပ်မှုတွေနဲ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုနိုဝင်ဘာလ ၂၆ ရက်နေ့က ပြောထားပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းကကူညီရေးအဖွဲ့တွေကို သွားလာခွင့် ပိတ်ထားတဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ ကျောက်တော်မြို့နယ်တွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေပြန်လည်သွားခွင့်ရဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေကပြောပါတယ်။