ရှမ်းပြည်နယ် စီမံ-ဘဏ္ဍာဝန်ကြီးရဲ့ အမှုတွေအတွက် အယူခံတက်မည်
NLD လက်ထက် ရှမ်းပြည်နယ် စီမံ-ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ဟာ ထောင် ၃၈ နှစ်အထိ ချမှတ်ခံရပြီး အမှုတွေအတွက် အယူခံတင်ပြမယ်လို့ ပြောပါတယ်။
- 2022-01-26
-
-
-
အမျိုးသား ဒီမိုကရေစီအစိုးရ NLD လက်ထက် ရှမ်းပြည်နယ် စီမံ-ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ဟာ ထောင်ဒဏ် ၃၈ နှစ်အထိ ချမှတ်ခံလိုက်ရပြီး အဲအမှုတွေအတွက် အယူခံတင်ပြမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အပါအဝင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၄ (က)၊ ၁၂၄ (ဃ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) စတဲ့ အမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင် တရားရုံးကနေ အမိန့်ချခံထားရတာပါ။
အမှုတစ်ခုစီအလိုက် ချထားတဲ့ပြစ်ဒဏ်တွေအစား အမှုအားလုံးပေါင်းပြီး လျော့ပေါ့ကာ အမိန့်ချမှတ်ပေးဖို့ လာမယ့် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ရှမ်းပြည်နယ် တရားလွှတ်တော်ထံ အယူခံတင်ပြမယ်လို့ ပြောပါတယ်။
ဦးစိုးညွန့်လွင်ဟာ အထက်ပါ အမှုတွေအပြင် ညောင်ရွှေမြို့နယ် အင်းလေးဇုန်ဝင်ခွင့် တင်ဒါ အောင်ထားတဲ့ ကုမ္ပဏီတွေကနေ ကျပ်သိန်းပေါင်း တစ်သောင်းကျော် ပေးသွင်းဖို့ ကျန်တဲ့ ကိစ္စနဲ့ ကိုဗစ်ကာလ ဒေသန္တရကော်မတီမှာ ငွေကြေးကွာခြားမှုတွေရှိလို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ အမှုလေးခုနဲ့ ထပ်မံတရားစွဲ ခံထားရတာပါ။
အဲဒီအမှုတွေအတွက် အခုလာမယ့် ဇန်နဝါရီ ၂၈ ရက်မှာ အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။