စီးပွားဖြစ်ကျူးကျော်သူတွေကို အရေးယူပြီး နေစရာမရှိသူတွေကို အိမ်ခန်းတွေ စီစဉ်ပေးမည်

ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ် ကျူးကျော်နေထိုင်သူတွေကို ဥပဒေနဲ့ အညီအရေးယူပြီး အမှန်တကယ်နေထိုင်စရာမရှိတဲ့ ကျူးကျော်သူတွေကို နေစရာအိမ်ခန်းတွေ စီစဉ်ပေးသွားမယ် လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က ဒီနေ့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကို ဧပြီလ ၅ရက်နေ့ကတွေ့ရစဉ် Photo: Kaung Htet Kyaw/RFA

ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေကို ဥပဒေနဲ့ အညီအရေးယူပြီး အမှန်တကယ်နေထိုင် စရာမရှိတဲ့ ကျူးကျော်သူတွေကို နေစရာအိမ်ခန်းတွေ စီစဉ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က ဒီနေ့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်း ကိုကိုးကျွန်းမဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးတင်ဝင်းက တိုင်းအတွင်းက ကျူးကျော်တွေကို ဘယ်အချိန်မှာ နေရာချထားပေးမလဲဆိုပြီး မေးမြန်းရာ ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေရာချထားပေးနိုင်မယ့်အချိန် အတိအကျကို မပြောနိုင်သေးကြောင်းလည်း ဖြေကြားခဲ့ပါတယ်။

"စီးပွားဖြစ် ကျူးကျော်သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အမှန်တကယ် နေစရာမရှိတဲ့ ကျူးကျော်တွေကိုတော့ ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ကျူးကျော်များ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကျနော်တို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း စတဲ့ မြို့နယ်တွေမှာ စာရင်းကောက်ယူပြီးစီးပြီဖြစ်ပြီး လက်ရှိ ဒလ၊ ဒဂုံဆိပ်ကမ်းနဲ့ မရမ်းကုန်းမြို့နယ် မှာ ကောက်ယူနေတယ်လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

ဆက်လက်ကောက်ယူဖို့ ကျန်နေတဲ့မြို့နယ်တွေက လှိုင်သာယာ၊ အလုံ နဲ့ ရွှေပြည်သာမြို့နယ်တွေ ဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်က နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းခဲ့ပေမယ့် မပြီးပြတ်သွားတဲ့ကိစ္စ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြောကြားခဲ့ပါတယ်။

လက်ရှိ မြို့နယ် ၁၃ မြို့နယ်မှာ ကောက်ယူထားတဲ့စာရင်းတွေအရ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု ၈သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org