ကျူးကျော်နေအိမ် အဓမ္မဖျက်သိမ်းမှု တစ်ပတ်ဆိုင်းငံ့
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းက ဇီးအုတ်နဲ့ ကံကြီးကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။
-
2012-09-22 -
-
-
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ကျူးကျော်နေအိမ်များကို မြေထိုးစက်သုံးပြီး အဓမ္မ ဖယ်ရှားနေစဉ်။
RFA
ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မကွေးကျောင်းတိုက်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်တဲ့ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ အိမ်ဖျက်ခံရတဲ့ ပြည်သူတွေက မြေနေရာအစားပေးဖို့ ငိုယိုတောင်းပန်ကြတဲ့အတွက် ဖျက်သိမ်းမှုတွေကို သီတင်းတပတ် ရပ်နားထားဖို့ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောဆိုခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မြေနေရာ ရောင်းမှား ဝယ်မှားဖြစ်ထားတဲ့ နေအိမ်တွေကို အခုလ စက်တင်ဘာ (၂၀) ရက်နေ့မှာ အာဏာပိုင်တွေဘက်က စက်ယန္တားတွေနဲ့ အင်အားသုံးပြီး အဓမ္မဖယ်ရှား ရှင်းလင်းနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။