စစ်တွေမှာ အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး သေနတ်နဲ့ပစ်တာကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရ
စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင် လူခုနစ်ဦးက ဓားပြဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2023-12-25 -
-
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင် လူခုနစ်ဦးက ဓားပြဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် လူငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓားပြဝင်တိုက်ချိန် ရပ်ကွက်နေပြည်သူတွေက သိသွားပြီး အဝေးကနေ ခဲတွေနဲ့ပစ်ပေါက် အော်ဟစ်ခဲ့တာကြောင့် ဓားပြတိုက်သူတွေက လူအုပ်ကြားထဲ သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတာလို့ အဲဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်တွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေနတ်နဲ့ပစ်သွားလို့ အသက် ၂၂ အရွယ် ကလေးတစ်ဦး ပေါင်မှာထိသွားတယ်။ အင်ဘာလာရပ်ကွက်ထဲ မွတ်စလင်အိမ်ပေါ် ဓားပြတိုက်ခံရတာ။ ဒီနေ့နေ့လယ် ၁၂ နာရီ၊ ၁၀ မိနစ်လောက်ဖြစ်သွားတာ။ တိုက်တဲ့သူက ခုနစ်ယောက်လောက် ပါတယ်ပြောတယ်။ အရပ်ဝတ်နဲ့ မျက်နှာဖုံးတွေ စွပ်ထားတယ်တဲ့။ ရပ်ကွက်ထဲကလူတွေက ဝိုင်းလိုက်တာ သူတို့နားလည်း မကပ်ရဲဘူး။ အော်တဲ့သူအော်၊ ကျောက်ခဲတွေနဲ့ ဝိုင်းပစ်ကြတာပေါ့။ သူတို့ဆီမှာ သေနတ်ပါတာမြင်လို့လေ။ အဲလူစုကို သေနတ်နဲ့ပစ်ခဲ့တာ။ ဆယ်ချက်လောက်ရှိတယ်”
ဓားပြတိုက်သူတွေက သေနတ်နဲ့ပစ်ခတ်ပြီးနောက် မင်းဘာကြီးလမ်းအတိုင်း ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ ဓားပြတိုက်ခံရတဲ့ အိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေရောက်ရှိနေပြီး ပစ္စည်းတွေပါသွားလား ဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ စစ်တွေ ဒေသခံ နောက်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုက ရဲတွေရောက်နေတယ်။ အဲဒီအိမ်က စားနိုင်၊ သုံးနိုင်တာပေါ့။ သိရသလောက် အဲလောက်ပါပဲ။ ဓားပြအဖွဲ့က ဘယ်သူ၊ ဘယ်ဝါမှန်းတော့ မသိသေးဘူး။ အကုန်လုံးလည်း လန့်နေကြတယ်”
ရခိုင်အခြေစိုက် သတင်းဌာနတချို့မှာလည်း စစ်တွေမြို့မှာ ဒီနေ့နေ့လယ် ဓားပြတိုက် ခံရကြောင်း ရေးသားထားကြသလို ဓားပြတိုက်သူတွေကို ဝိုင်းဝန်းအော်ဟစ်နေကြတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။