ကံပြင်ရွာကို စစ်ကောင်စီမီးရှို့နေကြောင်း ဒေသခံတွေပြော
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအနီးက ကံပြင်ရွာသစ်နဲ့ ရွာဟောင်းကို ဗျိုင်းဖြူရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ သွားရောက်မီးရှို့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဇွန် ၁ ရက်နေ့ညက ပြောပါတယ်။
-
RFA Burmese
2024-06-01 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအနီးက ကံပြင်ရွာသစ်နဲ့ ရွာဟောင်းကို ဇွန်လ ၁ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပြင်ရွာသစ်နဲ့ ရွာဟောင်းကို ဗျိုင်းဖြူရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ သွားရောက်မီးရှို့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဇွန် ၁ ရက်နေ့ညက ပြောပါတယ်။
"ညနေ ငါးနာရီလောက်က မီးရှို့တယ်၊ ဗျိုင်းဖြူရွာမှာထိုင်နေတဲ့စစ်သားတွေပဲ သွားပြီး မီးရှို့ကြတာ၊ မင်းကင်းတောမှာက လူတွေမရှိတော့ဘူး၊ မင်းကင်းတောက ရွာသစ်ရယ်ရွာဟောင်းရယ်ရှိတယ်၊ ရွာသစ်က ဗျိုင်းဖြူကနေသွားရင် စရောက်တဲ့ရွာပေါ့၊ နောက်နည်းနည်းသွားတာနဲ့ ရွာဟောင်းဆိုတာ ရှိတယ်၊ မင်းကင်းတောဆိုတာက သူရဲ့နာမည်အရင်းက ကံပြင်ရွာသစ်ပေါ့၊ ကံပြင်ရွာဟောင်းဆိုပြီး ခေါ်ကြတယ်၊ သူတို့အဲနှစ်ရွာလုံးကို မီးရှို့တယ်လို့ပြောတယ်၊ ညနေ ငါးနာရီလောက်က အဲဒီမှာ ဘယ်သူမှလည်း မသွားဘူး၊ ပိတ်ထားတယ်ဆိုတော့ အဲရွာကို ဘယ်သူမှလည်း မသွားရဲဘူး၊ လှမ်းမြင်ရတယ်၊ ရွာထဲမှာ လူတချို့တော့ရှိတယ်၊ သူတို့က ဖုန်းနဲ့တဆင့် သတင်းပေးတာက သိရတာ"
အဲဒီနှစ်ရွာပေါင်း အိမ်ခြေတစ်ထောင်နီးပါးရှိပြီး မီးရှို့ခံရမှုကြောင့် လူထိခိုက်တဲ့အခြေအနေနဲ့ နေအိမ် ပျက်စီးတဲ့အချက်အလက်တွေကို အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့နှစ်လလောက်က ဒေသခံတွေအခေါ် မင်းကင်းတောရွာ(ကံပြင်ရွာ)ကို စစ်ကောင်စီတပ်တွေ ဝင်ပြီး အမျိုးသားတွေကို ဖမ်းဆီးကာ အမျိုးသမီးတွေကို ကျေးရွာထဲကနေ မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီရွာမှာ ဖမ်းဆီးခံရတဲ့ အမျိုးသားတွေဟာ အခုချိန်ထိ ပြန်မလွတ်သေးသလို အမျိုးသမီးတွေဟာလည်း နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့လည်း ဆိုပါတယ်။
မေလ ၂၉ ရက်နေ့ကတည်းက ဝင်ရောက်စီးနင်းခံထားရတဲ့ ဗျိုင်းဖြူရွာမှာ သတ်ဖြတ်ခံရတဲ့အမျိုးသား လေးဆယ်နီးပါးအထိရှိလာပြီလို့ အဲဒီရွာကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ နီးစပ်တဲ့ဒေသခံတွေက RFA ကို ပြောထားပါတယ်။
လက်ရှိအချိန်ထိ အမျိုးသားတွေကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပြီး အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ စစ်တွေမြို့ ဝင်္ကဘာဘောလုံးကွင်းမှာ ရွှေ့ထားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗျိုင်းဖြူရွာအနီးက ရွာနှစ်ရွာ မီးရှို့ခံရတာ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့အထိ ခြောက်လအတွင်း စစ်ကောင်စီက အရပ်သား ၄၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကာလအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆၄၀ အထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။