စစ်တွေ လက်လုပ်မိုင်းပေါက်ကွဲမှု ထောင်ဒဏ်အနှစ် ၃ဝ ချမှတ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ စွဲချက်တင်ခံထားရတဲ့ ဦးမောင်အေးဝင်းကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၃ဝ ချမှတ်လိုက်ပါတယ်။
-
2018-11-16 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေရာသုံးခုမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ စွဲချက်တင်ခံနေကြရတဲ့ ဦးမောင်အေးဝင်းကို စစ်တွေခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် နှစ် ၃၀ ကျခံဖို့အမိန့် ချမှတ်လိုက်ပြီး နောက်ထပ်တစ်ဦးဖြစ်တဲ့ ဦးမောင်ဦးမြင့်ကိုတော့ အပြီးသတ်ပြန်လွှတ်ပေးလိုက်ပါတယ်။
လက်လုပ်မိုင်းပေါက်ကွဲခဲ့တဲ့ နေရာ ၃ ခုမှာ တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ နေရာ ၃ ခုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဒီအမှုတွေကို စစ်ဆေးခဲ့ရာမှာ အစိုးရဘက်က မျက်မြင်သက်သေတစ်ဦးမှ မတင်ပြနိုင်ဘဲ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ခံရတာဖြစ်တဲ့အတွက် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားမယ်လို့လည်း ပြောပါတယ်။
စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ မြေစာရင်းရုံးရှေ့နဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ နေအိမ်အနီးတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံ ၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သလို ကျန် ၂ ဦးဖြစ်တဲ့ ဦးမောင်အေးဝင်းနဲ့ ဦးမောင်ဦးမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က စွဲချက်တင်ပြီး ဒီနေ့မှာ အပြီးသတ်အမိန့်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။