စစ်တွေ လက်လုပ်မိုင်းပေါက်ကွဲမှု မြို့ခံနှစ်ဦးကို စွဲချက်တင်မည်


2018.08.23
mgayewin-mgumyint-622.jpg အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံရတဲ့ ကိုမောင်အေးဝင်းနဲ့ ကိုမောင်ဦးမြင့် တို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေရာသုံးခုမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့ခံ ကိုမောင်အေးဝင်းနဲ့ ကိုမောင်ဦးမြင့် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။  

သူတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးစဉ်မှာ ရဲက ညှဉ်းပန်းနှိပ်စက်တာတွေ ရှိခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"ဒီအမှုဖြစ်စဉ်တလျှောက်လုံးမှာတော့ ကံဆိုးသူမောင်ရှင်တစ်ယောက်ဟာ တော်တော်လေး မတော်မတရားနစ်နစ်နာနာ ထိခိုက်တဲ့အနေအထားတွေကို ရင်ဆိုင်ခဲ့ရတယ်၊ ညှဉ်းပန်းနှိပ်စက်တဲ့ အနေအထားကို သူတို့ကြုံခဲ့ရတယ်၊ မောင်အေးဝင်းက ၃ မှုစလုံးမှာ စွဲချက်တင်ခံရတယ်၊ မောင်ဦးမြင့် ကတော့ တခုမှာ စွဲချက်တင်ခံရတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ မြေစာရင်းရုံးရှေ့နဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေနေအိမ်အနီးမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တာပါ။

စွဲချက်တင်ဖို့ အမိန့်ချမှတ်ခံရသူနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့မရဲစခန်းမှာ အချိန်တစ်လကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်တွေမြို့နယ် တရားရုံးက နောက်ထပ် ချုပ်နှောင်ခွင့်မပေးဘဲ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ရဲက စစ်တွေ-ရန်ကုန်ကားလမ်းပေါ်က တခြားမသက်ဆိုင်တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး မြောက်ဦးမြို့နယ်တရားရုံးမှာ ချုပ်နှောင်ခွင့်ယူပြီး သူတို့နှစ်ဦးကို စစ်ဆေးခဲ့တာပါ။

ရဲမှတ်တမ်းတွေအရ သူတို့နှစ်ဦးကို အာမ,ခံ ပေးခဲ့တယ်လို့ ဖော်ပြပေမယ့် အမှန်တကယ်မှာတော့ တစ်ခါမှ အာမ,ခံ မရခဲ့သလို၊ သူတို့ရဲ့ နစ်နာမှုတွေအတွက် အမှုမှန်ပေါ်ပေါက်ဖို့ တရားရုံးမှာ စစ်ဆေးမေးမြန်းရာမှာ ရဲတပ်ဖွဲ့ဘက်က ငြင်းဆန်တာတွေ ရှိခဲ့တယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောပါတယ်။

ဒီအမှုမှာ မျက်မြင်သက်သေ မရှိသလို အရေးကြီးတဲ့ အချက်အလက်တွေမှာ တရားလိုဘက်က ကွဲလွဲထွက်ဆိုတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

လက်လုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူ ၉ ဦးလောက်ကို ရဲတပ်ဖွဲ့က ကနဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အဲဒီအထဲက ၅ ဦးကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ်နှစ်ဦးကို နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။